သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျား-မခွဲခြားဆက်ဆံမှုအကြောင်း စီးပွားရေးညီလာခံမှာ ဒေါ်စုဆွေးနွေး


မြန်မာနိုင်ငံမှာ ကျား-မ ခွဲခြားဆက်ဆံမှုရှိနေတုန်းပဲလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က နောက်ထပ်ဆွေးနွေးပွဲတခုမှာ ပြောခဲ့ပါတယ်။ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးပိုင်းတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်တဲ့ အခွင့်အလမ်းနည်းပါးတာ၊ ပညာရေးပိုင်းမှာ အမျိုးသမီး၊ အမျိုးသား အရည်အချင်း အဆင့်အတန်း ခွဲခြားသတ်မှတ်ထားတာ စတဲ့ အချက်တွေကို ထောက်ပြပြီး ပြောခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ အရှေ့အာရှဒေသဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ် WEF ရဲ့ အစီအစဉ်တခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောလိုက်တာ ဖြစ်ပါတယ်။ အစီအစဉ်မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ သတင်းပေးပို့ထားပါတယ်။

WEF ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးနေ့ ဇွန်လ ၁ ရက်နေ့မှာ Asian Women as the Way Forward ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပင်တိုင်ဆွေးနွေးသူတဦးအဖြစ် ပါဝင်ဆွေးနွေးပြီးတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို မီးမောင်းထိုး ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံကအမျိုးသမီးတွေဟာ စီးပွားရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင် နိုင်ကြပေမဲ့ နိုင်ငံရေး မှာ ပါဝင်ဖို့တော့ ခွဲခြားခံနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် အယောက် ၆၀၀ ကျော်ထဲမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်က ၁၅ ယောက်ပဲရှိနေတာ၊ အစိုးရအဖွဲ့ ဝန်ကြီးနေရာတွေမှာ အမျိုးသမီးတယောက်မှမပါဘဲ အမျိုးသမီး ဒုတိယဝန်ကြီး နှစ်ဦးပဲရှိတာကို ထောက်ပြတဲ့အပြင် ပညာရေးပိုင်းမှာလည်း ခွဲခြားဆက်ဆံခံနေ ရတယ်လို့ ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကျား-မ ခွဲခြားဆက်ဆံတာ ရှိနေပါတယ်။ ပညာရေးမှာတောင်မှ ကျား-မ ခွဲခြားဆက်ဆံတာ ရှိနေတာပါ။ ဆေးကျောင်းတက်ဖို့အတွက် ဆိုရင် ကျောင်းသူတွေဟာ ကျောင်းသားတွေထက် အမှတ်ပိုများ ရပါတယ်။ ဒါက အမျိုးသား ဆရာဝန်တွေရှိစေရေး သေချာအောင် လုပ်တယ်လို့ ကျမထင်တယ်။ ဒါပေမဲ့ အဲဒါကိုက ခွဲခြားဆက်ဆံတာပါပဲ။ အဲဒီလို ခွဲခြား ဆက်ဆံမှုမျိုး မရှိသင့်ပါဘူး။” -လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကျား-မခွဲခြားဆက်ဆံတဲ့ကိစ္စဟာ စီးပွားရေးကိစ္စမဟုတ်ဘဲ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တယ်လို့ လည်း ထောက်ပြခဲ့ပါတယ်။ ဒီကိစ္စကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်လိုက်ရုံနဲ့ ဖြေရှင်းလို့ မရဘူး ဆိုတာကို စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပေမဲ့ ကျား-မ ခွဲခြားဆက်ဆံမှုမြင့်မားတဲ့ ဂျပန်နဲ့ တောင်ကိုရီး ယားနိုင်င်ငံတွေကို ထောက်ပြပြီး ပြောခဲ့ ပါတယ်။

ပြဿနာက မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရှိတယ်လို့ လူ အများအပြားက ယူဆနေတာပဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဥပဒေအရကတော့ မြန်မာ အမျိုးသမီးတွေ ကို တန်းတူအခွင့်အရေး ပေးထားပေမဲ့ လက်တွေ့ မှာ မရဘူးဆိုတာကို အမျိုးသမီးတွေ အိမ်ဖော်အဖြစ် အလုပ်လုပ်ပြီး မိသားစု ညီအကိုမောင်နှမတွေကို အထောက်အပံ့ပြုကြရတဲ့ အခြေအနေ ဥပမာပေးပြီးတော့ ပြောခဲ့ပါတယ်။

မိသားစုထဲမှာ ယောက်ျားလေးနဲ့ မိန်းကလေးယှဉ်လာရင် မိန်းကလေးက အလုပ် လုပ်၊ ယောကျ်ားလေးက ပညာသင်-ဆိုတာမျိုး ရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အိမ်ဖော်အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ပြီး ရွာမှာ အရက်သောက်ပြီးနေတဲ့ ယောက်ျား ဆီ ငွေပြန်ပို့ပေးနေတဲ့ အမျိုးသမီးတွေကိုလည်း သူတွေ့ခဲ့ဖူး တယ်လို့ ပြောပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

“ဘာ့ကြောင့် အဲဒီလိုဖြစ်နေတာပါလဲ။ ဘာ့ကြောင့်ဆိုတာကို ကျမသိချင်ပါတယ်၊ ဘာ့ကြောင့် အဲဒါကို လက်ခံထားတာပါလဲ၊ အဲဒီလိုအခြေအနေမျိုးကို လက်ခံဖို့ အမျိုးသားတွေက ဘာ့ကြောင့် မတွန့်ဆုတ် တာပါလဲ၊” လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းနေရာ ၄၄ နေရာ မှာ ၁၃ နေရာအတွက်ပဲ အမျိုးသမီးကိုယ်စားလှယ်တွေရခဲ့တာ ဘာ့ကြောင့်လဲဆိုတာကိုလည်း သူက ရှင်းပြခဲ့ပါတယ်။ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဖို့ အတော်ကြိုးစားခဲ့ရပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှာ အများစုက အမျိုးသားတွေကိုပဲ ကိုယ်စားလှယ်လောင်းတွေအဖြစ် အမည်တင် သွင်းခဲ့သလို အမျိုးသမီးတွေကိုယ်တိုင်ကလည်း မလုပ်ချင်ကြလို့ တချို့ကို ဆွဲဆောင် စည်းရုံးခဲ့ရတယ် လို့ ပြန်ပြောပြပါတယ်။

ပညာအဆင့်အတန်းမြင့်မားတဲ့ အမျိုးသမီးတွေရှိတဲ့ နိုင်ငံတခုမှာ လူတွေက အမျိုးသမီးတွေကို ပိုပြီးလေးစားလာကြမယ်လို့ သူထင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသမီးတွေဟာ စွမ်းဆောင်နိုင်သူတွေဖြစ်ကြပြီး မိမိတို့ရဲ့ အတော်ဆုံး စာသင်သားတွေ ဟာ ကျောင်းသူတွေဖြစ်ကြတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ အင်မတန်မှကို နိမ့်ကျနေတဲ့အတွက် စနစ်တခုလုံးကို ပြောင်းလဲရမယ်လို့ ပြောပါတယ်။

“စံနစ်တခုလုံးကို ပြောင်းလဲပစ်ရပါ မှာပါ။ ကျမတို့ရဲ့ တက္ကသိုလ်၊ ကောလိပ် ပညာရေးစနစ်က မူလတန်း အဆင့်ပညာရေးထက် ပိုကောင်းတယ်လို့ ကျမ မထင်ပါ ဘူး။ စနစ်တခုလုံးကို ပြုပြင်ပြောင်းလဲပစ်ရပါမယ်၊ တိုးတက်အောင်လုပ်ရပါမယ်။ အစိုးရက နိုင်ငံတော်ဂုဏ်သိက္ခာအတွက် ဆိုတာမျိုး စဉ်းစားပြီး Ph. D. ဘွဲ့ရတွေအများကြီးမွေးထုတ်ဖို့ လုပ်ပြီးတော့ အဆင့်မြင့်ပညာရေးမှာ အများကြီး ပိုပြီး အာရုံစိုက်နေတယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ ကျမစဉ်းစားတာက တနိုင်ငံလုံးအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါ တယ်။ ကျား-မ ကိစ္စနဲ့ ပတ်သက်ရင်တော့ ကျမက မိန်းကလေးတွေကို ပိုမြင်ချင်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နော်ဝေးနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေး ကုမ္ပဏီက ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂျွန် ဖရက်ဒရစ် ဘာက်ဆားစ် (Jon Fredrik Baksaas)၊ CARE USA အဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်ပြီး ဒီ WEF ဆွေးနွေးပွဲတွေရဲ့ ပူးတွဲသဘာပတိ ဟယ်လင်းန် ဂေးလ် (Helene Gayle)၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီး စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ရိုကီယာ အက်ဖ်ဇာလ် ရာမန် (Rokia Afzal Rahman) တို့လည်း ပင်တိုင်ဆွေးနွေသူ တွေအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြပြီး CNN အပြည်ပြည်ဆိုင်ရာသတင်းဌာနက သတင်းထောက် အန်ဒရူး စတီဗန်စ် (Andrew Stevens) က ဆွေးနွေးပွဲ ကမကထပြု ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်ခင်ဗျား။

XS
SM
MD
LG