သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ဒီကနေ့စတင်


၂၄ နှစ်အတွင်းမှာ ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုဟာ ဒီကနေ့မှာ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ခရီးထွက်တော့မှာ ဖြစ်ပါ တယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဒီကနေ့ မှာပဲ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာ ဖြစ်ပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရောက်မှာဖြစ်ပြီးတော့ အဲဒီနေ့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော် ကို ခရီးဆက်မှာဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အော်စလိုမြို့တော်ခန်းမမှာ ကျင်းပမယ့် ၁၉၉၁ ခုနှစ် အတွက် နိုဘဲလ်ဆု ငြိမ်းချမ်းရေး ဆုနှင်းအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဒီဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်း စကား ပြောကြားမှာ ဖြစ်ပါတယ်။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နော်ဝေးနိုင်ငံ ဒုတိယ မြို့တော် ဘာဂင်မြို့သို့ သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ သူ့ကို နိုင်ငံ တကာက ချီးမြှင့်တဲ့ ဆုတွေထဲက ပထမဆုံးဆုဖြစ်တဲ့ ရပ်ဖ်တို လူ့အခွင့် အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်ဖြစ်ပြီး အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနား မှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

အဲဒီနောက် U2 အဖွဲ့ရဲ့ နာမည်ကျော် အဆိုတော် Bono က ဒေါ်အောင်ဆန်းစုကြည်ကို ဂီတပွဲနဲ့ ဧည့်ခံဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၆ ရက်နေ့ထိ အင်္ဂလန်နိုင်ငံမှာ နေထိုင်မှာဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့ အတူ ဆင်နွဲှမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်သလို ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့ မှာ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ပါ။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG