သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ရုပ်သိမ်းရေး KIO နှင့် မြန်မာအစိုးရဆွေးနွေး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင်လက်နက်ကိုင် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း တပ်စခန်းရုပ်သိမ်းရေးအပါအဝင် အပစ်အခတ်ရပ်စဲနိုင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့သစ် ပြန်လည် ဖွဲ့စည်းအပြီး ကချင်လက်နှက်ကိုင်အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံတာ ဒါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက ရထားဝန်ကြီး ဦးအောင်မင်းနဲ့ ကချင် KIO ဘက်က စစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ဦးဆောင်ပြီး KIO ရဲ့ ဗဟို အလုပ်အမှုဆောင်ငါးဦးဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာတော့ KIO ဌာနချုပ်၊ လိုင်ဇာအနားမှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲကို နှစ် ဘက်ငြိမ်းချမ်းရေး အကျိူးဆောင်လည်းတက်ခဲ့ကြပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန်က မေလ ၃ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ြ့ပီးတဲ့နောက် ဒီအဖွဲ့သစ်နဲ့ ကချင် လက်နှက်ကိုင်အဖွဲ့တို့ တွေ့တာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမတကြိမ်က ထိုင်းမြန်မာနယ်စပ်မှာ အလွတ် သဘော တွေ့ခဲ့ကြပါသေးတယ်။

အခုလည်း အလွတ်သဘော နှစ်ဘက်အဖွဲ့က တွေ့ကြပေမယ့် ယုံကြည်မှုတွေ ပိုရလာကြပြီး အပြု သဘောဆောင်တဲ့ ဆွေးနွေးမှုတွေရှိလို့ တိုးတက်တဲ့ တွေ့ဆုံမှုလို့ နှစ်ဘက်တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပစ်ရပ်ရေးအပါအဝင် ငြိမ်းချမ်းရေးအတွက် နှစ်ဘက် အဆင်မပြေဖြစ်နေတဲ့ တပ်စခန်းချထားရေး တပ်ရုပ်သိမ်းရေး နဲ့ တိုက်ပွဲရပ်ဆိုင်းရေးကိစ္စတွေကို အဆင်ပြေပြေ ညှိနှိုင်းပြောဆို တာတွေ လုပ်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိူးတော်ဆောင် ဦး ယုဇခေါင်က (Yut Zau Hakang) ပြောပါတယ်။

“တယောက်နဲ့တယောက်က ပွင့်လင်းမြင်သာမှု ပိုပြီးတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်မက်ဖြစ် ပွားနိုင်တဲ့နေရာ ဒေသတွေကို တယောက်နဲ့တယောက် အဲဒါကို တပ်စခန်းတွေကို ရုပ်သိမ်းဖို့ ကိစ္စတွေ ဆွေးနွေးပါတယ်။ အဓိက-ကတော့ နှစ်ဘက်တပ် အဆင်ပြေရေးကိစ္စပါ။ နှစ်ဘက်တပ်က ပူးကပ်နေတဲ့အတွက်ကြောင့်မို့ အရဲစွန့်ပြီး ရုပ်သိမ်းမှပဲ ကျနော်တို့က ပြေလည်မှုရမယ်။”

အခု ပြောဆိုခဲ့ကြတဲ့ ကိစ္စတွေကို ရထားဝန်ကြီး ဦးအောင်မင်းက နေပြည်တော်မှာ ပြန်လည်တင်ပြပြီးရင် မကြာခင် နှစ်ဘက် ပြန်လည် တွေ့ဆုံကြအုံးမယ် လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၁၁ ဇွန်လလောက်ကတည်း ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တို့ကြားတိုက်ပွဲတွေ ဖြစ်နေတာပါ။ အဲဒီကတည်းက အရင်အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ထဲက ဦးအောင်သောင်းခေါင်းဆောင်ပြီး ကချင်နဲ့အပစ်ရပ်ရေးဆွေးနွေးပေမယ့် ညှိနှိုင်း မရကြသေးပါဘူး။ အခုလည်း ဦးအောင်သောင်းနဲ့ ကချင် KIO တို့ ဆွေးနွေးနေတဲ့အချက်တွေကိုပဲ ရထားဝန်ကြီးဦးအောင်မင်းနဲ့ ဆက်ပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။

“၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်မှာတကြိမ်၊ နောက်ပြီးတော့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၈၊ ၁၉ မှာ တကြိမ်၊ နောက် ကျနော်တို့ မတ်လ ၈၊ ၉၊ ၁၀ ပေါ့နော်- သုံးကြိမ်ကျတော့ ကျနော်တို့ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခြင်းဖြစ်တယ်။ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်နဲ့ ဆွေးနွေး ထားတဲ့ကိစ္စတွေရော အဲဒါတွေကို ကျနော်တို့က carry ယူပြီးတော့ အခု ဦးအောင်မင်းနဲ့ ပြန်ပြီး ဆွေးနွေး တယ်။ ဆွေးနွေးမှုမှာ - ဆွေးနွေးလက်စပေါ့လေ၊ ဒါပေမဲ့ ဆက်လက်ပြီးဆွေးနွေးရင်တော့ မကြာခင်တော့- တယောက်နဲ့တယောက်တော့ ယုံကြည်မှုတည်ဆောက်နိုင်တာပေါ့။ ”

အပစ်ရပ်ရေးအတွက်ဆွေးနွေးနေချိန် သမ္မတဦးသိန်းစိန်ကလည်းကချင်ပြည်နယ်တွင်း ထိုးစစ်ဆင်တာတွေ ရပ်ထားဖို့ ထုတ်ပြန်ထားပေမယ့်လည်း ဒီကနေ့ထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ ဒါ့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကူညီနိုင်ဖို့၊ ဒေသတွင်းငြိမ်းချမ်းနိုင်ဖို့ အတွက် နှစ်ဘက် တပ်စခန်းချထားရေး သဘောတူညီချက်တွေဟာ အလွန့်ကို အရေးကြီးတယ်လို့လည်း ဦးယုဇခေါင်က ပြောပါတယ်။

“ဒုက္ခသည်အခြေအနေကတော့ - ဒီ တိုက်ပွဲဖြစ်နေတဲ့ကာလမှာတော့ တိုးလာတာပေါ့လေ။ မိုးတွင်းကာလ ဆိုတော့ ပိုဆိုးတာပေါ့။ စစ်ပွဲဖြစ်နေတဲ့ ကာလပတ်လုံးကတော့ ကချင်ပြည်နယ်တပြည်လုံးကတော့ ဒုက္ခရောက်နေတဲ့သဘောပါ။”

ဒါကတော့ ကချင်ပြည်နယ် အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးယုဇခေါင်ပြောပြခဲ့တာပါရှင်။ အခု ကချင်နဲ့မြန်မာ ငြိမ်းချမ်းရေး အဖွဲ့တို့ အလွတ်သဘောညှိနှိုင်းမှုတွေကနေ တရားဝင်ဆွေးနွေးပွဲ စားပွဲဝိုင်းတွေဆီ မကြာခင်ရောက်နိုင်ဖို့ အားလုံးက မျှော်လင့်ထားတယ် လို့လည်း ပြောပါတယ်။

ကချင် KIO ဘက်ကတော့ ကချင်ပြည်နယ်အတွင်း တပ်စခန်း ချထားရေးကိစ္စတွေကို အစိုးရနဲ့ ညှိနှိုင်းမရတဲ့ အဓိက အချက်ဖြစ်နေတယ်လို့ ပြောသလို အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်း တခုရဲ့ စောင့်ကြပ်မှုအောက်မှာ ရေးထိုးရေးဆိုတဲ့ အချက်တွေကိုပါ တောင်းဆိုထားပါတယ်။

XS
SM
MD
LG