သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး


မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။

“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။ ”

နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအဝင် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။

တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

“မိုးလင်းကာစကနေပြီးတော့ တောင်ကုတ်မြို့ရဲ့ဈေးပတ်ဝန်းကျင်မှာ စာတွေဖြန့်ကြတယ်၊ လှုံ့ဆော်ကြ တယ်။ ကုလားတွေ မြို့ဝင်တာ၊ ထွက်တာတွေကို လက်မခံဖို့၊ တွေ့ရင်သတ်ကြဖို့ အဲဒါတွေကို လှုံ့ဆော်တဲ့ စာတွေ - အဲဒီ ကျောက်နီမော်မှာဖြစ်တဲ့ ကလေးမလေးရဲ့ဓာတ်ပုံတွေနဲ့ပူးပြီးတော့ လှုံ့ဆော်ထားတာတွေ ရှိတယ်။”

ဒီတိုက်ခိုက်မှုမှာ လူ ၂၀၀ လောက်ပါဝင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။ အခုချိန်ထိတော့ တစုံ တရာ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒီကနေ့ သံတွဲမြို့မှာ သင်္ဂြိုဟ်တယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့၊ အစ္စလာမ်ဘာသာဝင်တွေသတ်ဖြတ်ခံရတာဟာ တရားဥပဒေစိုးမိုးမှုရဲ့ အားနည်း တာကြောင့်ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးခင်လှက ပြောပါတယ်။

“ကျနော့အနေနဲ့ပြောရမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု မရှိလို့ ဖြစ်တာလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ အချိန်က စောစောကြီးပဲ၊ လေးနာရီခွဲ လောက်ပဲ ရှိတယ်။ ဖြစ်တဲ့ကိစ္စမှာလည်း တချက်တည်း ခုတ်၊ ထိုး၊ သတ်ပြီးတော့ လူတယောက်ကို ထွက်ပြေးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။ တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားဖို့ ဥပဒေစိုးမိုးဖို့ ကိုင်တွယ်နေတဲ့ ပုဂ္ဂိုလ်တွေမှာတော့ တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။”

ဦးခင်လှက ဒီမိုကရေစီနိုင်ငံထူထောင်နေချိန်မှာတော့ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ၊ အာဃတတွေနဲ့လုပ်ဆောင်လို့ မရနိုင်ကြောင်းလည်း ထောက်ပြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အခုလို သုံးသပ်ပါတယ်။

“တောင်ကုတ်မှာ ဖြစ်သွားတဲ့ကိစ္စကလည်းပဲ ဒါ လူအုပ်စုနဲ့ ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီးကာမှ၊ တရားဥပဒေ စိုးမိုးမှု၊ ဆင်ခြင်စွာထိန်းသိမ်းနိုင်မှု အင်္ဂါရပ်တွေမှာ တစုံတခု အတိုင်းအတာအထိ ယိုယွင်းသွားတယ်လို့ သုံးသပ်ပါတယ်။ နောင် ဒါမျိုး ဖြစ်စဉ်တွေ မဖြစ်ပေါ်နိုင်အောင် ဘာသာအသီးသီးက ပုဂ္ဂိုလ်ကြီးတွေနဲ့ လူထုကို ချပြ၊ ဘာသာရပ်ဆိုင်ရာအရ ဆွေးနွေး၊ ညှိညှိနှိုင်းနှိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်းဖြစ်ဖို့ မေတ္တာ ရပ်ခံခဲ့ပါတယ်။”

မနေ့ညပိုင်းကလည်း စစ်တွေမြို့မှာ နာဇီဈေး ဈေးကောက်နှုန်းမြင့်တက်လာတာကို ဦးဆောင်ဆန္ဒပြခဲ့ သူ ပျောက်ဆုံးတာနဲ့ပတ်သက်ပြီး ရဲစခန်းကို ဝိုင်းဝန်းဆန္ဒပြရာက လူထုနဲ့ ရဲတပ်ဖွဲ့အကြားမှာ အခင်းဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြလူထုက ရဲစခန်းကို ပုလင်းတွေ၊ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဘက်ကလည်း မိုးပေါ်ကို သေနတ်ပစ်ဖောက်သတိပေးပြီး နောက်ပိုင်းမှာ လူအုပ်အကြား ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်ကတော့ ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ရှိပြီး ဒဏ်ရာကြီးမားတာမရှိကြောင်း ပြောပါတယ်။

ဒီနေ့မှာတော့ တောင်ကုတ်ရော စစ်တွေမြို့မှာပါ ပုံမှန်အခြေအနေတိုင်းငြိမ်သက်နေခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အခြေအနေတွေကို အစိုးရက တရားဥပဒေနဲ့ အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမယ့် အပြုအမှုတွေကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

XS
SM
MD
LG