သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေရုံးဖွင့်ဖို့ သူရဦးရွှေမန်း တိုက်တွန်းမည်


မြန်မာနိုင်ငံမှာ ဗွီအိုအေ အမေရိကန်အသံရဲ့ မီဒီယာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ထောက်ခံမှုပေးသွားမယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် နေပြည်တော် ကို ဒီကနေ့ ရောက်လာတဲ့ ဗွီအိုအေ ညွန်ကြားရေးမှူး David Ensor နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ ညွှန်ကြားရေးမှူးနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သတင်းအချက်အလက်တွေကို ကွင်းဆင်း အကဲခတ်တင်ပြနိုင်ဖို့ လိုလားနေတာမို့ ဗွီအိုအေ အမေရိကန်အသံက တရားဝင် ဌာနခွဲတခုဖွင့်လှစ်နိုင်ရေး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဆိုရင် ဒီမိုကရေစီထွန်းကားရေးအတွက် အထောက်အကူဖြစ်စေတဲ့ လုပ်ရပ်တခုအဖြစ် အားပေးမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်မှာ တွေ့ဆုံ စဉ် ပြောခဲ့တယ်လို့ ဗွီအိုအေ ညွှန်ကြားရေးမှူး David Ensor က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တာပါ။

“ဗွီအိုအေအနေနဲ့ ဌာနခွဲတခု ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ရမှာဟာ သူ့တာဝန်မဟုတ်ပေမဲ့လည်း ဒါကို သူကတော့ အားပေးမယ်လို့ ပြောပါတယ်။ ဒီလို ထောက်ခံမှု ပေးတယ်ဆိုတဲ့ အကြောင်းကိုလည်း အစိုးရတွင်းက တခြားလုပ်ဖော်ကိုင်ဘက်တွေကို သူပြောပြမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အရပ်သား အစိုးရတရပ်အဖြစ် တက်လာပြီးတဲ့နောက် နိုင်ငံရေး အပြောင်း အလဲတွေနဲ့အတူ သတင်းမီဒီယာ အပေါ် ထိန်းချုပ်မှုတချို့ကိုလည်း လျှော့ပေါ့လာခဲ့တာပါ။ ဗွီအိုအေ အပါအဝင် ပြည်ပသတင်းဌာနတွေရဲ့အင်တာနက် ဝဘ်ဆိုဒ်တွေကို အရင်က ပိတ်ပင်ထားတာတွေကို လည်း ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာလည်း ပြည်တွင်းမှာ သတင်းယူခွင့်တွေ ပေးလာတာလို့ အခြေအနေတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမှုတွေလည်း ပြသလာခဲ့တာပါ။ ဗွီအိုအေရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ် မြန်မာပိုင်း အစီအစဉ်ရဲ့ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့အတူ အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ရောက်နေစဉ် ဒီကိစ္စတွေကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်အောင် ဆွေးနွေးမှာဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး David Ensor ကပြောပါတယ်။

“ဒီမှာရောက်နေခိုက် တခြားအစိုးရ တာဝန်ရှိသူ အများအပြားနဲ့လည်း တွေ့ဆုံသွားမှာပါ။ အခု လည်း ရောက်ရောက်ချင်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အစိုးရ သတင်းဌာနကလူတွေနဲ့လည်း မနက်ဖြန်မှာ တွေ့ဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ လည်း တွေ့ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေဟာ စိတ်ဝင်စားစရာ လည်း ဖြစ်ပါလိမ့်မယ်။”

ကြာသပတေးနေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံသွားဖို့ မျှော်လင့် ထားတဲ့အကြောင်း ဗွီအိုအေ ညွှန်ကြားရေးမှူး David Ensor က ပြောပါတယ်။ မြန်မာအစိုးရ အရာရှိတွေနဲ့ ဗွီအိုအေ တာဝန်ရှိသူတွေ တွေ့ဆုံတဲ့ ခရီးစဉ်အတွင်းမှာတော့ ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး ဒုတိယတာဝန်ခံ Eleanor Nagy အပါအဝင် တာဝန်ရှိသူတွေလည်း လိုက်ပါခဲ့ကြတာပါ။ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ပြည်ထောင်စုက ဆက်ဆံရေးတွေ တိုးမြှင့်ပြီး အပြန်အလှန် သံအမတ်ကြီးတွေ ခန့်အပ်ဖို့လည်း ကြေညာထားတာဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခံရတဲ့ သံအမတ်ကြီးအဖြစ်နဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး Derek Mitchell ကို ခန့်အပ်တဲ့အကြောင်း ပြီးခဲ့တဲ့ မေလလယ်မှာပဲ ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG