သုံးရလွယ်ကူစေသည့် Link များ

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်၊ တီယန်နန်ရင်ပြင် ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်လို့ ဖမ်းဆီးထားသူတွေအားလုံးကို လွှတ်ပေးဖို့နဲ့ တရုတ်ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ကာကွယ်စောင့်ရှောက်ရေးကို ပိုပြီးလုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ စာရင်းအပြည့်အစုံကို ထုတ်ပြန်ပေးဖို့ တရုတ်အစိုးရကို အမေရိကန်နိုင်ငံက ပန်ကြားလိုက်တာနဲ့အတူ ဒီလိုထုတ်ပြန်ရဲအောင် အားပေးတယ်လို့ တနင်္ဂနွေနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာ့ခ် တိုနာက ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုလိုက်တာပါ။

ဒါ့အပြင် ဒီအရေးအခင်းမှာ ပါဝင်ပတ်သက်နေသူတွေကိုသာမက သူတို့ရဲ့ မိသားစုဝင်တွေကို အခုထိဆက်ပြီး ခြိမ်းခြောက် အကျပ်ကိုင်နေတာမျိုးတွေကို ရပ်တန်းကရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အခုလို အမေရိကန်ရဲ့တောင်းဆိုမှုအတွက် တကယ့်ကို မကျေမနပ်ဖြစ်ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ လျူဝေမင်းက အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပြည် တွင်းရေးကို အကြီးအကျယ် ဝင်ရောက်စွက်ဖက်နေတဲ့အပြင် အခြေအမြစ်မရှိဘဲ တရုတ်အစိုးရကို စွပ်စွဲနေတယ်လို့ ဗွီအိုအေ တရုတ်မက်ဒရိန်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

၁၉၈၉ ခုနှစ်၊ ဂျွန်လ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမှာရှိတဲ့ တီယန်နန်ရင်ပြင်မှာ ကျောင်းသားတွေ ဦးဆောင်ပြီး တရုတ်အစိုးရကို ဆန္ဒပြခဲ့ကြတာကို တရုတ်အစိုးရက သံချပ်ကာကားတွေ သုံးပြီးချေမှုန်းခဲ့တာပါ။

ဒီချေမှုန်းမှုမှာ သေဆုံးသူအရေအတွက်ကို အတိအကျ မသိရပေမယ့် ရာပေါင်းများစွာ၊ ထောင်ပေါင်း များစွာ သေဆုံးမယ်လို့ တွက်ဆကြတဲ့အပြင် နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ရှုတ်ချတာကိုပါ တရုတ် အစိုးရ ခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ ၁၉၈၉ ခုနှစ်၊ ဒီ - တီယန်နန်ရင်ပြင် အရေးအခင်းနဲ့ ပတ်သက်ပြိး ကိုင်တွယ်ရာမှာ သူတို့ဘက်က တစုံတရာ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ပြောဆိုနေတဲ့အပြင် ဒါက သူပုန်ထပြီး တန်ပြန်တော်လှန်ရေးလုပ်တာလို့ သတ်မှတ်ထားပါတယ်။

XS
SM
MD
LG