သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး Elizabeth နန်းသက် ၆၀ ပြည့်နှစ် ဆင်နွဲှ

ဗြိတိသျှ အဲလဇ္ဇဘက်ဘုရင်မကြီး နန်းသက် နှစ် ၆၀ပြည့် အခမ်းအနားကို လန်ဒန်မှာ စိတ်လှုပ်ရှားဖွယ် ကျင်းပနေချိန်မှာပဲ အဲလဇ္ဇဘက် ဘုရင်မကြီးက အထိမ်းအမှတ် မီးတိုင်ထွန်းညှိပေးလိုက်ပါတယ်။

ဘုရင်မကြီးရဲ့ အရိုက်အရာဆက်ခံမယ့် သားဖြစ်သူအိမ်ရှေ့စံ ချားလ်မင်းသားဟာ ဗြိတိသျှ အကျော်အမော်တွေဖြစ်တဲ့ Paul McCartney နဲ့ Elton John တို့နဲ့ ရံပြီးထွက်လာပါတယ်။ အခု အခမ်းအနားဟာ ပြည်သူတွေအတွက်အမြဲရှိနေတဲ့ ဘုရင်မကြီးအတွက် ဗြိတိသျှပြည်သူတွေ ကျေးဇူးတင် ဂုဏ်ပြုနိုင်မယ့် အခွင့်အလမ်းဖြစ်တယ်လို့ ပြောသွားပါတယ်။ လူအုပ်ကြီးဟာ သုံးကြိမ်ဟစ်အော်ပြီး God Save the Queen ဘုရားသခင်က ဘုရင်မကြီးကို ကောင်းချီးပြုပါတယ်ဆိုတဲ့ ဗြိတိသျှ နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။ ဒီနောက် အဲလဇ္ဇဘက် ဘုရင်မကြီးက မီးတိုင်ကို ထွန်းလိုက်ချိန် Buckingham နန်းတော်ပေါ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်လိုက်ပါတယ်။

ဗြိတိသျှတော်ဝင်ဘုရင်မကြီးရဲ့ ခင်ပွန်းဖြစ်သူ ကြင်ယာတော်မင်းသားကြီး Phillip ဟာ သည်းခြေအိတ်ရောဂါနဲ့ ဆေးရုံတင်ထားရလို့ အခမ်းအနားကို မတတ်နိုင်ပါဘူး။ လူအုပ်ကြီးက ကြင်ယာတော်မင်းသားကြီးအတွက် ကျန်းမာစေဖို့ ဆုမွန်တွေပေးခဲ့ကြပါတယ်။

ကမ္ဘာအဝှမ်း ဗြိတိန်အပါအဝင် ဓနသဟာယနိုင်ငံအရပ်ရပ်က မီးတိုင်ပေါင်း လေးထောင့်နှစ်ရာထွန်းညှိခဲ့ပြီး အခု နောက်ဆုံး လန်ဒန်က မီးတိုင်ကို ဘုရင်မကြီးက ထွန်းညှိလိုက်တာပါ။ အခမ်းအနားကို လေးရက် ကျင်းပမှာဖြစ်ပြီး အဆုံးသတ်အင်္ဂါနေ့မှာတော့ St.Paul ဘုရားကျောင်းမှာ ဝတ်ပြုပွဲကို ဘုရင်မကြီး ကိုယ်တိုင် တတ်ရောက်မှာဖြစ်ပါတယ်။

တော်ဝင်မိသားစုတွေလည်း Buckingham နန်းတော် လေသာဆောင်ကနေထွက်ပြီး လူထု ပရိတ်သတ်ကို နှုတ်ခွန်းဆက်ဖို့ရှိပါတယ်။ အဲလဇ္ဇဘက်ဘုရင်မကြီးဟာ ၁၉၅၂ ခုနှစ်၊ ခမည်းတော် ဂျော့ချ်ဘုရင်နတ်ရွာစံပြီးနောက် နောက်တနှစ်မှာ နန်းတက်လာတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG