ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ ဆိုတာကိုတော့ ဆွေးနွေးနေဆဲ လို့ ပြောပါတယ်၊ ဒီအကြောင်းကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊
ဇွန်လ (၅) ရက် အင်္ဂါနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရခိုင်ပြည်နယ်ထဲဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဖော်ပြတဲ့ သတင်းထဲ မူစလင်ကုလား ၁၀ ဦးအသတ်ခံရဆိုတဲ့အသုံးအနှုန်း အစား ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူ ၁၀ ဦး အသတ်ခံရ ဆိုပြီး ပြန်လည်ပြင်ဆင်ဖတ်ရှု့ဖို့ ဆိုပြီး ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက် ဝက်ဆိုက်စာမျက်နှာမှာ အမှားပြင်ဆင်ချက် ဆိုပြီး ဖော်ပြထားပါတယ်၊
ဒီအသုံးအနှုန်း ပြန်လည်ပြင်ဆင်ချက်ကို လည်း မနက်ဖန် ဇွန်လ ၆ ရက် ထုတ် သတင်းစာတွေထဲ ထည့်ဖို့ စီစဉ်နေတယ်လို့ ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲံ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကပြောပါတယ်၊
“သေဆုံးသွားတဲ့သူတွေရဲ့ ဘာသာနဲ့ လူမျိုးရဲ့ အသုံးအနှုန်းကို ကျနော်တို့ ဒီနေရာမှာ ထပ်မသုံး ချင် ပါဘူး။ ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ပြင်ဖို့ပါ။ မနက်ဖန်ထွက်မယ့် သတင်းစာတွေမှာ ကျနော်တို့ ပြန်လည် ပြင်ဆင်ဖော်ပြဖို့ ရှိပါတယ်။ အသုံးအနှုန်းကတော့ သတင်းတပုဒ်မှာ သေဆုံးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ရေးသားလိုက်တာမှာ ကျနော်တို့က မှုခင်းအစီရင်ခံစာမှာ ပါတဲ့အတိုင်း ရေး လိုက်တာ ဖြစ် ပါတယ်။ ဒါနဲ့ ပတ်သက်လို့ စိတ်မကောင်းဖြစ်တယ်၊ ထိခိုက်တယ်ဆိုတဲ့ အသံတွေ ကျနော်တို့ ပြန် ကြားတဲ့အတွက်ကြောင့်မို့လို့ သတင်းနဲ့ စာနယ်ဇင်းက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည် သုံးသပ်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ စီစဉ်နေပါတယ် ခင်ဗျ။”
ဇွန်လ ၃ရက် တနင်္ဂနွေနေ့က ရခိုင်ပြည်နယ်က နေရာ ၃ခုမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေရဲ့ သတင်းကို ဖော်ပြဖို့ အချိန်အတိုင်းအတာအရ ခက်ခဲမှုတွေဖြစ်သွားပြီး စီစစ်တာတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ရှင်းပြပါတယ်။
“တစ်ကတော့ ကျနော်တို့မှာ ဒါကို ရပြီးတဲ့အချိန်မှာ ၈နာရီသတင်း ထုတ်ရမယ်ဆိုတော့ အပြည့်အစုံ ရတဲ့အချိန်နဲ့ သတင်းထုတ်ရမယ့်အချိန်နဲ့က ကပ်သွားတော့ သူတို့ ကမန်းကတမ်း နဲ့ တော်တော် မြန်မြန်လေး ကျနော်တို့ ရေးရပါတယ်။ ဒါကြောင့်မို့လို့ သတင်းတောင်မှ ကျနော်တို့က အစပိုင်းမှာ မထည့်နိုင်ဘဲနဲ့ သတင်းကြေညာတာ ပြီးကာနီးမှ ထည့်နိုင်ခဲ့ပါတယ်။ ဒီတော့ ရေးတဲ့သူတွေ အနေနဲ့ အဲဒီအချိန်မှာ သေချာ ပြန်ပြီးတော့ စိစစ်ဖို့ အချိန် လုံလောက်စွာ မရလိုက်ဘဲနဲ့ ခုန မူလ ရထားတဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေမှာ ပါတဲ့ စာသားတွေအတော်များများကို သွား သုံးလိုက်မိတဲ့သဘော ဖြစ်သွားတာပေါ့။ ချက်ချင်းဖြစ်လာတဲ့ဟာတွေကို ထုတ်တဲ့အခါမှာ အတွေ့အကြုံ သိပ်မရှိသေးတော့ ထုတ်တဲ့အခါမှာ ချို့ယွင်းချက် အားနည်းချက်တွေတော့ ရှိကောင်း ရှိနိုင်ပါတယ်ခင်ဗျာ”
အခုပြန်ကြားရေးက နောက်ဆုံးသိထားတဲ့ အခြေအနေတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ တည်ငြိမ်မှု ရှိနေပြီးတော့ နောက်ထပ် ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ ဒေသ အာဏာပိုင် တွေက ထိန်းသိမ်းဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်၊
“ခုချိန်ထိတော့ ကျနော်တို့ သတင်း ထပ် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ တည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်း ထိန်းသိမ်းတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိပါသေးတယ်ခင်ဗျ။ ကျနော်တို့ သတင်းထဲ ဖော်ပြထားတဲ့ အတိုင်းပေါ့ဗျာ.. ပြစ်မှုကျူးလွန်သူတွေကို ကျောက်နီမှော်ကိစ္စမှာတော့ တရားခံလို့ ယူဆရသူ တွေကို မိ ထားတာ ရှိပါတယ်။ ကျန်တာကတော့ စုံစမ်းဆဲကိစ္စမို့ အသေးစိတ် မသိရသေး ပါဘူး။ သို့သော် သတင်းစာ ထဲမှာ ဖော်ပြထားတဲ့အတိုင်းပဲ ဒါတွေကတော့ ဥပဒေကို ချိုးဖောက်တယ် ဆိုလို့ရှိရင်တော့ တရားဥပဒေနဲ့ အညီ သက်ဆိုင်ရာက ဆက်လက်ပြီးတော့ အရေးယူသွားမှာ ဖြစ်ပါ တယ်။ ကျနော်တို့ လက်ထဲကို ရောက် လာတဲ့ သတင်းအားလုံးကိုတော့ ကျနော်တို့ ချက်ချင်း ပွင့်ပွင့် လင်းလင်းပဲ ထုတ်ပြန်ပါတယ်။ သတင်း ထုတ်ပြန်ဖို့ ရှိတဲ့ အခြေအနေတွေကိုလည်း ကျနော်တို့ Website မှာလည်း မနေ့က ညနေပိုင်းကတည်းက စပြီး တော့ အသိပေးတာတွေ လုပ်ပါတယ်”
ပြန်ကြားရေးနဲ့ ပြည်သူဆက်ဆံဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်း ထားတာ ပါ၊
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကိုရော စစ်တွေမြို့ ရဲစခန်းရှေ့ မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုပါ ဇွန်လ ၄ရက် ည(၈) နာရီအစိုးရ သတင်း တွေမှာ ထုတ်ပြန်ခဲ့ သလို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဆိုက်စာမျက်နှာတွေမှာလည်း ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် အတွင်း ဖြစ်ခဲ့တဲ့ ပြသနာတွေကိုအစိုးရက တရားဥပဒေနဲ့အညီဆောင်ရွက်နေတဲ့ အစီ အစဉ် တွေ ကို သတင်းစာတွေမှာရော ရုပ်သံနဲ့ ရေဒီယိုတွေကပါ ဖော်ပြနေပြီး အေးချမ်းမှုနဲ့ တရား ဥပဒေ စိုးမိုးမှုကို ထိခိုက်မယ့် အပြုအမှုမျိူးကို ရှောင်ရှားဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်ဆောင်ရွက်သွားဖို့ ဆိုတာကို လည်း အထူးသတင်းထုတ်ပြန်ချက်ဆိုပြီး အဲဒီ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။