သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမှုတွေ အကဲခတ်ဖို့ သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်ရောက်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ အထက်လွှတ်တော်အမတ်ဖြစ်တဲ့ ဘော့(ဘ်)ကားရ် (Bob Carr) ဟာ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို ဇွန်လ(၅)ရက်နေ့က ရောက်လာပြီး မြန်မာအစိုးရ နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားသော နိုင်ငံရေးအတိုက်အခံတွေနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။

ဒီကနေ့ ဇွန်လ (၆) ရက်နေ့ညနေမှာ ဝန်ကြီး ဘော့(ဘ်)ကားရ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ မနက်ဖြန် ဇွန်လ (၇) ရက်နေ့မှာ ဝန်ကြီး ဘော့(ဘ်) ကားရ်ဟာ နေပြည်တော်ကို လေကြောင်းခရီးနဲ့ သွားရောက်ပြီး ပြည်ထောင်စု ဝန်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ် ပါတယ်။ သောကြာနေ့ ဇွန်လ (၈) ရက်နေ့မှာ သြစတြေးလျအကူအညီနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို သွားရောက်မလေ့လာခင်မှာ ဝန်ကြီး ဘော့(ဘ်)ကားရ် ဟာ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖွယ်ရာ ရှိနေပါတယ်။

မနှစ်က ၂၀၁၁ မတ်လ မြန်မာအစိုးရသစ်တက်လာပြီးကတည်းက စတင် လုပ်ဆောင်လာခဲ့ပြီးတော့ အနောက်နိုင်ငံတွေကလည်း ပိတ်ဆို့ဒဏ်ခတ်မှု ဆိုင်ရာတွေကို လျှောပေါ့ပေးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေကို သမ္မတဦးသိန်းစိန်အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ သူ့အနေနဲ့ တိုက်တွန်းအားပေးမယ်လို့ သူရည်ရွယ်ထားကြောင်း ဝန်ကြီး ဘော့(ဘ်)ကားရ်က ပြောဆိုပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ရဲရင့်စွာလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ နောက်ပြန်ဆုတ်ဖို့ လုပ်ခဲ့ရင် အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ကျရောက်လာစေမယ့် စွန့်စားမှုမျိုးကို မြန်မာအစိုးရ ထဲက ခေါင်းဆောင်အဆင့်ဆင့်က ရှောင်လွဲှချင်ကြတယ်ဆိုတာ သူ့အနေနဲ့ အသေအချာ ယုံကြည်ကြောင်း လည်း ဝန်ကြီးဘော့(ဘ်)ကားရ်က ပြောဆိုသွားခဲ့ပါတယ်။

အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အများစုနဲ့ပတ်သက်ပြီး မကြာသေးခင်က သြစတြေးလျအစိုးရရဲ့ ဆုံးဖြတ် ချက်တွေကို ပြန်ပြီးပြင်ဆင်ဖို့ အခွင့်အရေးကို သူ့အနေနဲ့ ရရှိနေပြီးတော့ မြန်မာအစိုးရခေါင်းဆောင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးရင် ဒီအတွက် သူဆုံးဖြတ်ချက်ချမယ်လို့လည်း ဝန်ကြီးဘော့(ဘ်)ကားရ်က ရန်ုကန်မြို့မှာ သြစတြေးလျက The Age သတင်းစာရဲ့ သတင်းထောက်ကို ပြောခဲ့ ပါတယ်။

သြစတြေးလျအစိုးရဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် (၃၉၂) ဦးအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားရာကနေ မကြာသေးခင်က ဒီဒဏ်ခတ်မှုစာရင်းမှာ (၁၂၆) ဦးအထိ လျှော့ချပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ သြစတြေးလျရဲ့အကူအညီတွေကိုလည်း လာမယ့် ဘဏ္ဍာရေးနှစ်မှာ ၃၀% တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ (၆၃.၈) သန်းအထိ ပေးအပ်ဖို့ ရှိနေပါတယ်။

ဒီအတောအတွင်း အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီရးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Maria Otero ဟာ လောနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံကို ဇွန်လ ၉ ရက်နေ့ ဆိုက်ရောက်မယ့်လက်ထောက်ဝန်ကြီး Otero ဟာ ချင်းမိုင်၊ မဲဆောက်နဲ့ ဘန်ကောက်တို့ကို သွားရောက်ပြီး မြန်မာဒုက္ခသည်အရေး၊ လူကုန်ကူးမှုအရေး၊ ဒေသန္တရပုးပေါင်းဆောင် ရွက်ရေး၊ လူငယ်အရေးတို့ကို ထိုင်းအစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ ပါတယ်။

ဒါ့အပြင်သူဟာ ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

XS
SM
MD
LG