သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အဓိကရုဏ်းမျိုး မဖြစ်စေဖို့ ဒေါ်စု သတိပေး


ရခိုင်လူမျိုးတွေနဲ့ မူစလင်လူမျိုးတွေကြားမှာ ရခိုင်ပြည်နယ်ဘက်က စခဲ့တဲ့အခြေအနေကို တရားဥပဒေ စိုးမိုးရေးအမြင်နဲ့ ထိန်းသိမ်းစေချင်ပြီး လူထုအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လူများစုအနေနဲ့ လူနည်းစုပေါ်မှာ ဂရုဏာထားဖို့ကိုလည်း သတိပေးပြော သွားပါတယ်။ သူ့ရဲ့ မကြာသေးခင်က ထိုင်းခရီးစဉ်၊ မကြာခင်သွားမယ့် ဥရောပ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ NLD ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြော သွားတာပါ။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို လူငယ်သုံးဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်နဲ့ နောက် ဆက်တွဲ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို လူအုပ်စုက အကြမ်းဖက် ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ စိုးရိမ်ချက်တွေနဲ့အတူ တိုက်တွန်း ပြောဆိုခဲ့တာပါ။

တရားဥပဒေစိုးမိုးရေးနဲ့ ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ လှုံ့ဆော်သူ ရှိနေနိုင်သလားဆိုတဲ့ သူ့ရဲ့ စဉ်းစားချက်တွေကို အကျယ်တဝံ့ ပြောဆိုခဲ့ပါတယ်။

ဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက ဖြစ်ရပ်ကို တရားဥပဒေနဲ့အညီ အလျင်အမြန် ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေးပိုင်းမှာ ထောက်ပြခဲ့ပါတယ်။ ဒ့ါအပြင် နိုင်ငံအတွက် အကျိုးရှိသလား မရှိသလား မဆင်ခြင်ဘဲ လှုံ့ဆော်တာမျိုးကလည်း မလိုလား အပ်ဘဲ ပြဿနာတွေကို ကြီးထွားနိုင်စေတယ်လို့ဆိုပြီး လူတိုင်းအတွက် လုံခြုံမှုရှိတဲ့နိုင်ငံမျိုး ဖြစ်စေ ချင်ကြောင်း ပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံရှိတယ်ဆိုတဲ့ဟာမျိုး ဖြစ်စေချင်တယ်။ နိုင်ငံတနိုင်ငံရဲ့ သိက္ခဟာ ဒီနိုင်ငံက ပြည်သူလူထုရဲ့လုံခြုံမှုနဲ့ စိတ်ချမ်းသာမှုအပေါ်မှာတည်တယ်။ စိတ်ချမ်းသာမှုဆိုတာ လုံခြုံမှုက စရမှာ။ မလုံခြုံတဲ့သူတွေက ဘယ်တော့မှ စိတ်ချမ်းသာနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒီနိုင်ငံမှာ ကျမတို့ရဲ့ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျမတို့ပြည်သူပြည်သားတွေ မဟုတ်တဲ့ ဒီမှာရောက်နေတဲ့ ပုဂ္ဂိုလ်အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး လုံခြုံမှုရှိတဲ့ နိုင်ငံမျိုးဖြစ်စေချင်တယ်။”

ရာဇဝတ်မှု စ ဖြစ်ပြီဆိုတာနဲ့ ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်မယ်ဆိုရင် ပြဿနာမီးဇာ ပိုကြီး လာမှာမဟုတ်ဘူးဆိုတာ ကို ထောက်ပြပြီး လူထုအနေနဲ့ ဘယ်လို ရင်ဆိုင် ဖြေရှင်းသင့်တယ်ဆိုတာ ကိုလည်း အကြံပေး တိုက်တွန်းသွားပါတယ်။

“ကျမတို့ဥပဒေစိုးမိုးရေးအမြင်နဲ့ ဒီပြဿနာတွေကို ထိန်းသိမ်းစေချင်တယ်။ ကျမတို့ရဲ့ပြည်သူလူထု အားလုံးကလည်း ကိုယ့်လူအသိုင်းအဝိုင်းရဲ့ အေးချမ်းမှုအတွက်၊ ကိုယ့်နိုင်ငံရဲ့သိက္ခာရှိမှုအတွက် ထိန်းထိန်း သိမ်းသိမ်းနဲ့လုပ်စေချင်တယ်။ ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့။ နောက်ဆုံးကျတော့ ကျမတို့ဟာ ပုထုဇဉ်လူသားတွေချည့်ပါပဲ။ ဘယ်နိုင်ငံကပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ လူတိုင်း လူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်။ အဲဒီဟာကို ခေါင်းထဲမှာထည့်ပြီးတော့ ကျမတို့ ပြည်သူပြည်သားတွေကို ပြေလည်မှု ရှာစေချင်ပါတယ်။”

ရခိုင်ပြည်နယ်ဘက်က အကြမ်းဖက်ဖြစ်ရပ်တွေကနေ လူမျိုးရေးနဲ့ ဘာသာရေးအဓိကရုဏ်းတွေထိ ကျယ်ပြန့် ဖြစ်ပွားမလာစေဖို့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက မေတ္တာရပ်ခံပြီးတော့ ဝိုင်းဝန်း တိုက်တွန်းနေကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီကိစ္စအပေါ် အကျယ်တဝံ့ ပြောဆိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမတော့ လူများစုက လူနည်းစုအပေါ်မှာ ဘယ်လို သဘောထားမျိုး ထားသင့်တယ်ဆိုတာနဲ့ သူတို့အနေနဲ့လည်း ကူညီနိုင်တာ၊ လုပ်ပေး နိုင်တာ မှန်သမျှ လုပ်သွားပါမယ်လို့ ပြောခဲ့ပါတယ်။

“နောက်တခုကတော့ ကျမ ပြောကိုပြောရမယ်။ ကျမအမြဲပြောတယ်။ လူများစုဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာထားတတ်ရမယ်။ အဲဒါတော့ ကျမ သတိပေးပါရစေ။ ဒီလို ကျမပြောတာကို တချို့က ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ ကြိုက်တာမကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမ ပြောရမှာပဲ။ လူများစုဆိုတာဟာ ကိုယ့်ရဲ့အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားက ရှိပြီးသားမို့လို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာရှိတဲ့ ဘာသာမရွေး၊ လူမျိုးမရွေး ပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက် ချစ်ချစ်ခင်ခင်နဲ့ အေးအေး ချမ်းချမ်းနေတာကို ကျမမြင်ချင်တယ်။ ဒီလိုဖြစ်ဖို့အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်။ လုပ်ပေးနိုင်တာကို လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”

မေလ ၂၈ ရက်နေ့၊ ကျောက်နီမော်ဖြစ်ရပ်နဲ့ ဇွန်လ ၃ ရက်နေ့၊ တောင်ကုတ်ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ သဘောထားနဲ့ အကြံပေး တိုက်တွန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

မေလ ၅ ရက်နေ့က ရန်ကုန်မြို့ နေရာတချို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြသေးပေမဲ့ ဒီကနေ့ မှာတော့ နိုင်ငံတဝန်း အခြေအနေက အေးဆေးငြိမ်သက်နေပါတယ်။ အစိုးရသတင်းစာမှာ မေလ ၅ ရက်နေ့က ဖော်ပြခဲ့တဲ့ အသုံးအနှုန်းကိုလည်း ဒီကနေ့မှာ ပြင်ဆင်ချက် ပြန်လည် ထည့်သွင်းထားတာ တွေ့ရပါတယ်။ အကြမ်းဖက် သတ်ဖြတ်တဲ့ဖြစ်ရပ်တွေ အကုန်လုံးကိုလည်း တရားဥပဒေနဲ့အညီဖြစ်စေဖို့ တာဝန်ရှိ အဖွဲ့အစည်းတွေ ကရော သက်ဆိုင်ရာ ရပ်မိရပ်ဖတွေကပါ ဝိုင်းဝန်း ကြိုးစားနေကြတယ်လို့ ဗွီအိုအေကနေ ဆက်သွယ်မေးမြန်းခဲ့သူတွေက ပြောကြပါတယ်ခင်ဗျား။

XS
SM
MD
LG