သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်သိသိရင်းနှီးမြှုပ်နှံကြဖို့ သြစတြေးလျကို ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြမယ့် သြစတြေးလျ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တာဝန် သိသိနဲ့ လူထုကို အမှန်တကယ် အကျိုးဖြစ်ထွန်း စေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုးဖြစ်ဖို့ NLD အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးချက်နဲ့အညီ လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ မြန်မာနိုင်ငံမှာ အလည်အပတ် ရောက်ရှိနေတဲ့ သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောပါ တယ်။ နိုင်ငံခြားရေးဝန်ကြီး Bob Carr ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်း လတ်တလော အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အကဲခတ်ဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိနေတဲ့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ဟာ မနေ့က ဗုဒ္ဓဟူးနေ့က ခရီးရောက်မဆိုက်ပဲ NLD ပါတီဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်အမတ်တဦးလည်းဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြမယ့် သြစတြေးလျ ကုမ္ပဏီတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေကို ထည့်သွင်းပြောဆိုသွားတာပါ။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြမယ့် ကုန်သွယ်ရေးလုပ်ကြမယ့် သြစတေးလျ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပေးတဲ့ အကြံကို ကျနော် လက်ခံပါတယ်။ အဲဒါကတော့ - ဒီတိုင်းပြည်ဟာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်၊ ဒါပေမယ့် အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေက လူထုကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေတဲ့၊ တာဝန်သိတဲ့၊ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့၊ သြစတြေးလျမြေပေါ်မှာ လိုက်နာရတဲ့ စည်းကမ်းဥပဒေတွေနဲ့အညီ ပြုလုပ်တဲ့ ရင်းနှီး မြှုပ်နှံမှုမျိုး ဖြစ်ဖို့လိုတယ် ဆိုတာပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံထဲကို အရူးအမူး ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘဲ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြသူတွေအနေနဲ့ တခြား တိုင်းပြည်တွေမှာလို သတ်မှတ်ထားတဲ့ စံချိန် စံညွန်းတွေနဲ့အညီ လုပ်ဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်အောင် ကူညီ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။”

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ သတိထား ချဉ်းကပ် လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီပွားရေး ညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို ထောက်ခံပြီး Bob Carr က ပြောသွားတာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်မှန်တဲ့ မိတ်ဆွေကောင်းဖြစ်ဖို့ဆိုရင် တန်းတူညီမျှ ရှိမှုအပေါ်မှာ မူတည်တယ်လို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောဆိုသွားပါတယ်။

“စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအရ တိုင်းပြည်အချင်းချင်းကြား တန်းတူညီမျှမှု ရှိလေလေ စစ်မှန်တဲ့ မိတ်ဆွေကောင်းအဖြစ် ပိုမို တည်တန့် ခိုင်မြဲလေလေပါပဲ။ ဒါကြောင့် ကျမတို့ပြည်သူတွေ လူနေမှု ဘဝအခြေအနေတွေကို တိုးမြင့်ပေးခြင်းအားဖြင့် ကျန် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး လမ်းကြောင်းဖွင့်တဲ့ ပုံစံမျိုးကို ကျမ ဖြစ်စေချင်ပါတယ်။ အဲဒီလိုမှလဲ ကမ္ဘာလုံးဆိုင်ရာ တိုးတက် ပြောင်းလဲမှုတွေမှာ ကျမတို့ ပြည်သူတွေက တတပ်တအား ကူညီ လုပ်ဆောင်ပေးနိုင်မှာဖြစ်သလို ပြင်ပကမ္ဘာ ကလည်း နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေမယ့် ပုံစံမျိုးနဲ့ ထိတွေ့ ဆက်ဆံလာမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ Bob Carr တို့ဟာ နှစ်နိုင်ငံ အကျိုးတူ စီးပွားရေး ကိစ္စရပ်တွေအပြင် တခြား ပညာရေးကဏ္ဍလိုအပ်ချက်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် သြစတြေးလျနိုင်ငံကိုလာလည်ဖို့ နိုင်ငံခြားရေးဝန်ကြီး Bob Carr ရဲ့ ဖိတ်ကြားချက် ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်ပြီး အခုနှစ်မဟုတ်ရင်တောင် နောင် အဆင်ပြေတဲ့အချိန်မှာ သွားလည်လို့တဲ့အကြောင်း အဲဒီ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်အပါအဝင် အရင် စစ်အစိုးရလက်ထက်တုန်းက အရေးယူထားခဲ့တဲ့ လူပုဂ္ဂိုလ် ၂၀၀ ကျော် အပေါ် ခရီးသွားလာခွင့်နဲ့ ဘဏ္ဍာငွေကြေး ဆိုင်ရာ ပိတ်ဆို့ ကန့်သတ်မှုတွေကို ရုပ်သိမ်းပေးမယ့်အကြောင်း သြစတေးလျ အစိုးရက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကြေညာခဲ့တာပါ။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Bob Carr ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေ တာဖြစ်ပြီး ဒီကနေ့ နေပြည်တော်သွားပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မနက်ဖြန် သောကြာနေ့မှာတော့ သြစတြေးလျအကူအညီနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကို သွားရောက် မလေ့လာခင်မှာ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG