တောင်အာရှရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ခိုင်မာသေခြာဖို့အတွက် မကြာခဏ ဖြစ်ပွားနေရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန် နိုင်ငံအကြား သဘောထားကွဲလွဲမှုတွေ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ အကြား ဖြစ်နေရတဲ့ သဘောထားကွဲလွဲမှုတွေကို ကျော်ဖြတ်ဖို့လိုတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ပြောဆိုလိုက်ပါတယ်။
ပါကစ္စတန်နဲ့ နှစ်နိုင်ငံစလုံးအကြားဆက်ဆံရေးဟာ အလွန်ရှုပ်ထွေးတဲ့အကြောင်း၊ တိုးတက်မှုတွေ ရဖို့အတွက် အိန္ဒိယကော အမေရိကန် ပြည်ထောင်စုတို့ကပါ အတူတကွကျိုးပမ်းကြဖို့ လိုတယ်လို့ ဝန်ကြီး ပန်နက်တာက သူ့ရဲ့ နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အဆုံးသတ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်တာပါ။
အထူးသဖြင့် အဖဂန်နစ္စတန်နိုင်ငံ ပြန်လည်ထူထောင်ရေးအပါအဝင် ဒေသတွင်းမှာ အိန္ဒိယက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်ဖို့ ကြိုးစားနေတယ်ဆိုပြီး ပါကစ္စတန်နိုင်ငံက သံသယရှိနေချိန်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက အိမ်နီးချင်းနိုင်ငံရဲ့ တည်ငြိမ်မှုရှိရေးအတွက် ပါကစ္စတန်ကောအိန္ဒိယ - နှစ်နိုင်ငံစလုံးမှာ တာဝန်ရှိတယ်လို့ ပြောကြားသွားပါတယ်။
အိန္ဒိယဟာ အာဖဂနစ္စတန်နိုင်ငံအပေါ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ ထောင် အကူအညီပေးထားတဲ့ အပြင် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်နေပါပြီ။
အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ မဟာဗျူဟာမြောက် လုံခြုံရေးနဲ့ စီပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံအပေါ် ကူညီမှုတွေ ဆက်တိုးလုပ်ဖို့ ဝန်ကြီးပန်နက်တာက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ တပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ခွာဖို့ စီစဉ်နေချိန် အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို သင်တန်းပေးတဲ့ နေရာမှာ တိုးမြှင့်ပြုလုပ်ပေးဖို့ ပြောဆိုသွားကြောင်း သိရပါတယ်။