ဆီးရီးယားနိုင်ငံအလယ်ပိုင်း Hama မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၇၈ ယောက်ကို ပစ်သတ်လိုက်တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး လူပ်ရှား သူတွေကပြောပါတယ်။ ဗုဒ္ဓဟူးနေ့က အသတ်ခံလိုက်ရတဲ့အထဲပါခဲ့တဲ့ Al Kubeir ကျေးရွာသားတချို့ဟာ ဓားတွေနဲ့ထိုးသတ်ခံခဲ့ရတာပါ။
ဆီးရီးယားစစ်တပ်က အဲဒီဒေသကို လက်နတ်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာပဲ သေနတ်တွေ၊ ဓားတွေကိုင်ဆောင်ထားတဲ့ Shabiha လို့ခေါ်တဲ့ ပြည်သူ့စစ်အဖွဲ့ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ် မှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။
နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ရှုတ်ချမှုကို ခံခဲ့ရတဲ့ ပြီးခဲ့တဲ့ မေ ၂၅ က ဆီးရီးယားအလယ်ပိုင်း ဟူလာမှာ ကလေးငယ်တွေတစ်ဝက်လောက်ပါတဲ့ လူ ၁၀၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အမှုကြီးဖြစ်ခဲ့ပြီး နောက်နှစ်ပတ်အကြာမှာပဲ ဒီ သတ်ဖြတ်မှုဖြစ်ခဲ့တာပါ။
ဒီအတောအတွင်း ဆီးရီးယားမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို အပြည့်အဝလိုက်နာဖို့ အမေရိကန်ထိပ်တန်းအရာရှိတွေက သတိပေးပြောကြားလိုက်ပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင် ဆီးရီးယားသမ္မတ Bashar Al Assad အစိုးရအဖွဲ့နဲ့ ဆီးရီးယားကို ကျောထောက် နောက်ခံလုပ်နေတဲ့ နိုင်ငံတွေကို ပြင်းထန်တဲ့ အရေးယူမူတွေကို လုပ်သွားမှာဖြစ်တယ် လို့လည်း သတိပေး လိုက်ပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေက ဆီးရီးယားအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပေါ် အရေးယူ ပိတ်ဆို့မူတွေ ပိုတိုးပြီး လုပ်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က ဗုဒ္ဓဟူးနေ့က ပြောလိုက် ပါတယ်။ မစ္စတာအာဆတ်ဒ်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေကို ဖိအားတိုးပေးဖို့အရေး ဆွေးနွေးဖို့ ဝါရှင်တန်ကိုရောက်ရှိနေတဲ့ ၅၅ နိုင်ငံက ကိုယ်စားလှယ်တွေကို အခုလို ပြောလိုက်တာဖြစ်ပါတယ်။