သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပစ်မှတ်ထားအရေးယူမှုများ သြစတြေးလျ ရုပ်သိမ်းမည်


ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပိုမိုတိုးတက်အောင် အားပေးတဲ့အနေနဲ့ Australia က မြန်မာအစိုးရ အပေါ် ခရီးသွားနဲ့ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီး Bob Carr က မနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အထက်လွှတ်တော်အမတ် Bobb Carr ဟာ သမ္မတဦးသိန်းစိန်၊ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ၊ လွှတ်တော်နဲ့ အရပ်ဘက် လူမှုအသိုင်းအဝိုင်းက ဦးဆောင် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံအပြီး အခုလိုကြေညာလိုက်တာပါ။

ဒီအချိန်အခါဟာ မြန်မာပြည်သူတွေအတွက် အခွင့်အလမ်းတွေ ပွင့်လန်းလာတာ တွေ့မြင်နေရပြီး Australia လို နိုင်ငံမျိုးအနေ နဲ့ မြန်မာ့ဒီမိုကရေစီရေးအပြောင်းအလဲ အရှိန်အဟုန်ကိုမြှင့်တင်ပေး သင့်ကြောင်း၊ ဒါ့ကြောင့် ရုပ်သိမ်းဖို့ ကျန်နေသေးတဲ့ ခရီးသွားနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး Bobb Carr ကပြောပါတယ်။

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးအစီအစဉ်တွေမှာ Australia နိုင်ငံကအပြုသဘော၊ တာဝန် သိစွာနဲ့ ယိုင်းပင်းကူညီ ဆက်ဆံသွားမှာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးဟာ ၂ နိုင်ငံ ဆက်ဆံရေး အတွက် အဓိကကျတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးနဲ့ပညာရေး အရည်အသွေးတိုးတက်အောင်၊ အလုပ် အကိုင်တွေ များနိုင်သမျှများအောင် ဖန်တီးရေး၊ နိုင်ငံတကာ စံချိန်မီရေး၊ အကောင်းဆုံးစံပြလက်တွေ့ ကျင့်သုံးရေး တာဝန်သိသိ၊ ပွင့်လင်းထင်သာစွာ ကူညီပံ့ပိုးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါ တယ်။

၂၀၁၅ ခုနှစ်ကျရင် Australia က မြန်မာနိုင်ငံကိုပေးနေတဲ့ အကူ အညီဟာ ၂ ဆကျော် တိုးသွားမှာဖြစ်ပြီး တနှစ်ကို ဒေါ်လာ သန်း ၁၀၀ နှုန်း ပံ့ပိုးမှာ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၄၈.၈ သန်းနဲ့ နောက်နှစ် ၂၀၁၃ ခုနှစ်မှာ ၃၀% တိုးပြီး ဒေါ်လာ ၆၃.၈ သန်း အထိ ထောက်ပံ့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးသဘောတူညီမှုတွေပိုမို တိုးတက်ရေးအတွက် ကနဦး အနေနဲ့ Australia နိုင်ငံက ဒေါ်လာ ၅ သန်းကူညီမယ် လို့လည်း အဲဒီ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ပဋိပက္ခတွေကြောင့် ပြည်တွင်းအခြေအနေမဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေ ပြန်လည်နေရာချထားရေး အတွက် နော်ဝေး နိုင်ငံလို နိုင်ငံတကာအလှူရှင်နဲ့ ပူးပေါင်းကူညီမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေး ဝန်ကြီး Bobb Carr ရဲ့ မနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။

XS
SM
MD
LG