သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်ကို တရုတ်ကူညီမည်


တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနဲ့ ကူညီထောက်ပံ့ရေး ကိစ္စတွေအတွက် သဘောတူညီချက် အသစ်တွေ လုပ်ဆောင်နေချိန်မှာပဲ အာဖဂန်နိုင်ငံကို ကိုယ်ကျိုးမပါတဲ့ ကူညီ ထောက်ပံ့မှုတွေ ပေးသွားမယ်လို့ တရုတ်သမ္မတက ဒီကနေ့ ကတိပေးလိုက်ပါတယ်။

အခုအချိန်ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အရေးပါတဲ့ အသွင်ပြောင်းကာလကို ဖြတ်သန်းနေတဲ့အချိန်ဖြစ်တာမို့ တရုတ်နိုင်ငံအနေနဲ့ အကူအညီတွေ ဆက်ပေးသွားမှာဖြစ်တယ်လို့ ဘေဂျင်းမြို့ ပြည်သူ့ခန်းမကြီးမှာ ပြု လုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲအတွင်း အာဖဂန်သမ္မတ Hamid Karzai ကို တရုတ် သမ္မတ ဟူဂျင်တောင်က အဲဒီလို ပြောလိုက်တာပါ။

၂၀၁၄ ခုနှစ်မှာ အမေရိကန်နဲ့ နိုင်ငံတကာတပ်ဖွဲ့ အများစု ရုပ်သိမ်းသွားပြီးတဲ့နောက် တရုတ်နိုင်ငံအနေနဲ့ အာဖဂန်နိုင်ငံအတွင်း ပိုအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံက ပြင်ဆင်နေတာပါ။

နှစ်နိုင်ငံအကြား ရရှိလိုက်တဲ့ ဗျူဟာမြောက် သဘောတူညီချက်အရ တရုတ်နိုင်ငံက အခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၄ သန်း ကူညီပေးမှာ ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုတွေ အာဖဂန်ထဲမှာ ပြုလုပ် လာအောင်၊ နောက် လမ်းပမ်းဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အဦးတွေ ကူညီ တည်ဆောက်ပေးဖို့၊ အာဖဂန်ကျောင်းသားတွေကို ပညာသင်ခွင့် Scholarship တွေ ပေးဖို့ စတာတွေကို သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံစလုံးက အကြမ်းဖက်လုပ်ငန်း၊ အစွန်းရောက်လုပ်ရပ်တွေ၊ ခွဲထွက်ရေးနဲ့ အကွက်ကျကျလုပ်တဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို ဆန့်ကျင်ကြောင်း တွေ့ဆုံပွဲအပြီး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ တယ်။

XS
SM
MD
LG