သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အေနဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်ဖြစ်


ကေအိုင်အေနဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်ဖြစ်
ကေအိုင်အေနဲ့ မြန်မာစစ်တပ် တိုက်ပွဲပြန်ဖြစ်

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း နှစ်ဘက်တပ်တွေ အကြား တိုက်ပွဲတွေဖြစ်ခဲ့အပြီး ခန ရပ်သွားပြီးတဲ့နောက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရတပ်တွေ အကြား စနေနေ့ညနေ ၃ နာရီ ၄၅ မိနစ် လောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပြီးတဲ့နောက် နှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီး အပစ်ရပ်ခဲ့ပေမဲ့ စနေနေ့မနက်မှာတော့ မြန်မာစစ်တပ်ဘက်ကနေ တိုက်ပွဲဖြစ်ရာဒေသ က KIA တပ်တွေကို စနေနေ့ နေ့ခင်း၁၂ နာရီအပြီး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ ဒါကို KIA တပ်တွေက မလိုက်နာတာကြောင့် ညနေမှာ ထိုးစစ်စတင်တာဖြစ်တယ်လို့ KIA ဘက်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

စနေနေ့ညနေက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တဲ့နေရာဟာ အရင်ရက်က တိုက်ပွဲဖြစ်ခဲ့တဲ့ ကချင် ပြည်နယ် မိုးမောက်မြို့နယ် တရုတ်-မြန်မာနယ်စပ်ဒေသက တာပိန်မြစ် ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်နေတဲ့ ဒေသမှာ ဖြစ်ပါတယ်။

စနေနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အခြေအနေကို KIA အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“သူတို့ အရင် စပစ်တာတော့ ၃ နာရီ ၄၅ ပတ်ဝန်းကျင် ပေါ့နော်။ ၃ နာရီ ၄၅ က စပြီးတော့ အစိုးရတပ်တွေက ကျနော်တို့တပ်ဘက်ကို လက်နက်ကြီးနဲ့ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ပြီးတော့ ခြေလျင်တပ်တွေက ကျနော်တို့ စခန်းဘက်ကို ချဉ်းကပ်လာနေတဲ့ အပိုင်းရှိတယ်။ သိပ်နီးကပ်လာတဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ ခုခံတဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တာမျိုး လုပ်နေကြပြီ။”

ဒီလ ၈ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က မြန်မာစစ်တပ်က အရာရှိနှစ်ဦးနဲ့ တပ်သားတဦးက မိုးမောက်မြို့ အရှေ့ဘက် KIA တပ်ရင်း ၁၅ နယ်မြေထဲကို လက်နက်နဲ့ ဝင်ရောက်ခဲ့ တာကြောင့် KIA ဘက်က ထောက်လှမ်းရေးအဖြစ် သံသယရှိပြီး ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးထိန်းသိမ်းထားတာ ကို ပြန်လွှတ်ဖို့ အစိုးရတပ်ဘက်က တောင်းဆိုခဲ့ပြီး ချက်ချင်း လွှတ်မပေးတာကြောင့် ၉ ရက်နေ့၊ ကြာသာပတေးနေ့ မနက် ၇ နာရီလောက်မှာ မြန်မာအစိုးရဘက်က KIA စခန်းဘက်ကို လူအင်အား ၂၀၀ လောက်နဲ့ သွားဝိုင်းရာက စတင် တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ အစိုးရတပ် ဘက်က တိုက်ပွဲဖြစ်ပွားရာဒေသကို တပ် အင်အား ၅၀၀ ကျော်လောက် စေလွှတ်ချထားခဲ့ပါတယ်။

၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ၃ နာရီကျော် ကြာမြင့်ခဲ့ပြီး ညနေပိုင်းမှာ KIA ဗဟိုနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တာဝန်ရှိသူတွေ နှစ်ဘက်ညှိနှိုင်းပြီး KIA ဘက်က သူတို့ဖမ်းထားတဲ့ စစ်တပ်ကအရာရှိတွေကို ပြန်လွှတ်ပေးခဲ့ပြီး အစိုးရတပ်ဘက်ကလည်း သူတို့ဖမ်းထားတဲ့ KIA အဖွဲ့ဝင်တွေ ပြန်လွှတ်ပေးဖို့၊ သူတို့တပ်တွေ ပြန်ရုပ်ပေးဖို့ သဘောတူခဲ့ပါတယ်။

စနေနေ့မနက်မှာတော့ တိုက်ပွဲဖြစ်ခဲ့ရာဒေသက KIA တပ်ကို အမြန်ဆုံး ဖယ်ရှားပေးဖို့ မြန်မာ စစ်တပ်ဘက်က တောင်းဆိုခဲ့ပါတယ်။ ဒါကို KIA ဘက်က လက်မခံတာကြောင့် အစိုးရဘက်က တိုက်ခိုက်လာတာဖြစ်တယ်လို့ ဦးလနန်က ဆက် ပြောပါတယ်။

“ဒီမနက်ကျတော့ ဘာပြောလာလဲဆိုတော့ အဲဒီ ခင်ဗျားတို့ KIA တပ်စခန်းအားလုံး ဖြုတ်ပေးပါ။ မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီးတော့ ဆုတ်ခွာပေးဖို့၊ ရာဇသံ ပြန်ပို့လာတယ်။ ကျနော်တို့ဘက်ကလည်း တိုင်းမှူးဆီကို အကြောင်း ကြားတဲ့အပိုင်း ပြန်လုပ်တယ်။ အဲလိုမျိုးလုပ်မယ် ဆိုရင်၊ တိုင်းမှူး အဲလိုမျိုးလုပ်မယ်ဆိုရင် အခြေအနေ ပိုတင်းမာလာလိမ့်မယ်။ အခြေအနေတင်းမာလာတဲ့အခါမှာ စစ်မက်ဖြစ်ပွားမှု ပြန်ဖြစ်လိမ့်မယ်။ အဲဒါကြောင့်မို့ တိုင်းမှူးကနေပြီး ချင့်ချင့်ချိန်ချိန်စဉ်းစားပြီး ဆုံးဖြတ်ပေးဖို့၊ စာနဲ့ အကြောင်းကြားတာရှိတယ်။ ကျနော်တို့ ပြောတဲ့အချက်ကို ဥပက္ခာပြုပြီးတော့ စစ်အင်အားတွေဖြည့်တယ်။ လက်နက်ကြီးတွေ ပို့တယ်။ အခု ညနေ ၃ နာရီ ကျော်ကျော်လောက် မှာ စဖြစ်တာပဲ ခင်ဗျ။”

ဒီတိုက်ပွဲဖြစ်ပွားရာဒေသဘက်ကို အစိုးရတပ် ဘက်က တပ်ရင်း ၅ ရင်းလောက်နဲ့ လူအင်အား အနည်းဆုံး ၅၀၀ ကျော်လောက် စေလွှတ်ထား ပါတယ်။ စနေနေ့ညကအထိတော့ အထိအခိုက် အကျအဆုံးသတင်း အတိအကျမရသေးပါဘူး။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကိုတော့ ပြည်နယ် တစ်ခုလုံး ပျံ့နှံ့သွားမှာမျိုးကို မလိုလား ဘူးလို့ KIA ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။

“အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်သွား မယ်ဆိုရင် အခု သူတို့ တိုက်နေ ခိုက်နေတာကို ရပ်ပြီးတော့ နဂိုအတိုင်းပြန်နေသွားမယ်ဆိုရင် အဲဒီ စစ်မက်ဟာ ပြည်နယ်တခုလုံး အတိုင်းအတာထိ ပျံ့ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်ပေါ်မူတည်ပြီးတော့ အဲဒီ စစ်မီးပွား ဟာ ကျနော်တို့ ပြည်နယ်တခုလုံး ပျံ့နှံ့နိုင်တဲ့ အခြေအနေတော့ရှိတယ်။ အမှန်တကယ်တော့ ကျနော်တို့ပြည်နယ်မှာ အရင်တုန်းကလိုမျိုး တိုက်ပွဲပြန်ပြီးတော့ ဖြစ်ပွားဖို့ ကျနော်တို့ မလိုလားဘူးခင်ဗျ။ အဲလိုမျိုး ကျနော်တို့ပြည်နယ် အတွင်းမှာ နယ်စပ်တလျောက်မှာ တည်ငြိမ် အေးချမ်းဖို့ ဆိုတာ အစိုးရမှာပဲ လုံးလုံး တာဝန်ရှိတယ်လို့ပဲ ကျနော်က ဆိုချင်ပါတယ် ခင်ဗျ။”

၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့တဲ့ KIA ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံ တာကြောင့် ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရစစ်တပ်နဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါ တယ်။ ဒီနှစ်အတွင်းမှာတော့ KIA နဲ့ အစိုးရတပ်တွေကြားမှာ အနည်းဆုံး ပစ်ခတ် တိုက်ခိုက်တာ ၄ ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင် KIA ဘက်က နယ်မြေဒေသအသီးသီးက တပ်တွေ အားလုံးကို အရေးပေါ် တပ်လှန့်ထားသလို သူတို့ရဲ့ မြို့ပေါ်အခြေစိုက် ကိုယ်စားလှယ်ရုံးတွေနဲ့ စီးပွားရေး ကုမ္ပဏီရုံးတွေကို ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

တချိန်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားရာဒေသအနီး တာပိန်မြစ် ရေအားလျှပ်စစ်စီမံကိန်းကို လာရောက် တည်ဆောက်နေတဲ့ တရုတ်အင်ဂျင်နီယာနဲ့ အလုပ်သမား ၁၀၀ ကျော် လောက်ဟာ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG