အရှေ့အာဖရိကရဲ့ al Qaeda အဖွဲ့ခေါင်းဆောင်လို့ ယုံကြည်ရသူဟာ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း သေဆုံးသွားတယ်လို့ ဆိုမာလီယာ အာဏာပိုင်တွေက ပြောပါတယ်။
Fazul Abdullah Mohammed နဲ့ အကြမ်းဖက်သမားလို့ မသင်္ကာသူတယောက်ဟာ မိုဂါဒစ်ရှုး မြို့နားက စစ်ဆေးရေးဂိတ်တခုမှာ ရဲတွေရဲ့လက်ချက်နဲ့ မကြာခင်ရက်ပိုင်းအတွင်းက သေဆုံး ခဲ့တယ်ဆိုတာကို ဆိုမာလီယာ တာဝန်ရှိသူတွေက စနေနေ့မှာ ထုတ်ဖေါ်ပြောကြားပါတယ်။
သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အတည်ပြုနေတဲ့အတွက် သေဆုံးကြောင်း သတင်းထုတ်ပြန်ဖို့ ကြန့်ကြာနေတာဖြစ်တယ်လို့ သက်ဆိုင်ရာကပြောပါတယ်။ အလောင်းတွေကို ဓာတ်ပုံတွေနဲ့ တိုက်ပြီး စစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။
၁၉၉၈ ခုနှစ်က ကင်ညာ နိုင်ငံ၊ နိုင်ရိုဘီ မြို့တော်နဲ့ တန်ဇန်းနီးယားနိုင်ငံ Dar es Salaam မြို့တော်တွေမှာရှိတဲ့ အမေရိကန်သံရုံးတွေ ဗုံးကွဲမှုတွေမှာ Fazul Abdullah Mohammed ဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါခဲ့သူလို့ ယုံကြည်ရပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် လူ့အသက် အမြောက်အများ ဆုံးရှုံးခဲ့ရသလို သံရုံးအဆောက်အဦးတွေလဲ အကြီးအကျယ် ထိခိုက်ပျက်စီး ခဲ့ပါတယ်။သူ့ကို အမေရိကန်က အလိုအရှိဆုံး နိုင်ငံတကာ အကြမ်းဖက်သမားစာရင်းသွင်းထားပြီး ဖမ်းမိသူကို အမေရိကန်ဒေါ်လာ ၅ သန်း ပေးမယ်လို့ ဆုကြေးထုတ်ထားပါတယ်။
Fazul Abdullah Mohammad သေဆုံးမှုဟာ al Qaeda အဖွဲ့အတွက် အကြီးအကျယ် ထိခိုက် မှုဖြစ်ပြီး အပြစ်မဲ့သူအမြောက်အများ သေဆုံးနာကျင်အောင်လုပ်သူရဲ့ ဘဝဇာတ်သိမ်းဖြစ်တယ် လို့ တန်ဇန်းနီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပြောပါတယ်။ အမိမြေလုံခြုံရေးဆိုင်ရာ သမ္မတ အိုဘားမားရဲ့ အကြံပေး John Brennan ကလည်း al Qaeda အဖွဲ့အတွက် အရေးပါသူသေဆုံးမှုဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ သူ့ရဲ့ မဟာမိတ်တွေအတွက် ကြီးမားတဲ့ ထိခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အမိမြေလုံခြုံရေးဆိုင်ရာ သမ္မတ အိုဘားမားရဲ့ အကြံပေး John Brennan ကလည်း al Qaeda အဖွဲ့အတွက် အရေးပါသူသေဆုံးမှုဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ သူ့ရဲ့ မဟာမိတ်တွေအတွက် ကြီးမားတဲ့ ထိခိုက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။