သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတည်ငြိမ်မှုတွေကြောင့် ကုလဝန်ထမ်းတွေ ရခိုင်ပြည်နယ်က ထွက်ခွာ


ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မို့ ဒေသတွင်းမှာ ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ သေကြေပျက်စီးမှုတွေတိုးလာနေတဲ့ ရခိုင်နဲ့ မူစလင် ကြား အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အစိုးရကနေ အရေးပေါ်အခြေအနေ ထုတ်ပြန်အပြီးမှာပဲ အဓိက ကျတဲ့ မောင်တောမြို့က ဝန်ထမ်းတွေကို ရွှေ့လိုက်တာပါ။ ဒါပေမဲ့ အခြေအနေတွေ ပြန်ပြီး တည်ငြိမ် သွားပြီ ဆိုရင် ကုလသမဂ္ဂဝန်ထမ်းတွေကို ချက်ခြင်း ပြန်လွှတ်ဖို့ မျှော်လင့်နေတယ်လို့ မြန်မာနိုင်ငံမှာ တာဝန် ကျနေတဲ့ အဆင့်အမြင့်ဆုံး ကုလသမဂ္ဂအရာရှိက ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ကိုဝင်းမင်းက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam က ကုလသမဂ္ဂဝန်ထမ်း အများဆုံး ရှိနေတဲ့ မောင်တောမြို့က ဝန်ထမ်း ၄၀ ကျော်ကို မနေ့ကစပြီး ပြောင်းရွှေ့ခဲ့ပုံကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့အဖွဲ့ဝင်တချို့နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ယာယီရွှေ့ပြောင်းပေးလိုက်ပါပြီ။ အခုလို လုပ်တာက သူတို့ဆန္ဒအရ ရွှေ့ချင်တဲ့သူတွေကိုပဲ ရွှေ့ပေးတာပါ။ ဒီထဲမှာ ပြည်တွင်းမှာရော၊ ပြည်ပကရော လုပ်သားတွေ ပါပါတယ်။ အဓိကရွှေ့ပေးတာက မောင်တောကနေ ရန်ကုန်ကိုပါ။ အခုလောလောဆယ်မှာတော့ သူတို့ စစ်တွေကို ရောက်နေပြီ။ ရန်ကုန်ကိုဆက်ရွှေ့ပေးဖို့ ရှိပါတယ်။”

မစ္စတာ Nigam ကပဲ အကြမ်းဖက်မှုတွေဖြစ်နေတဲ့ စစ်တွေနဲ့မောင်တောမြို့တွေမှာလည်း ကုလသမဂ္ဂ ဝန်ထမ်းတွေ အနည်းငယ်ရှိတယ်၊ သူတို့ကိုလည်း သူတို့ရဲ့ဆန္ဒအရ ရွှေ့ခွင့်ပြုထားပြီးပြီလို့ ဆိုပါတယ်။ မစ္စတာ Nigam ကပဲ အခုလိုရွှေ့တာက ခေတ္တ ယာယီသာဖြစ်တယ်လို့ အလေးအနက် ထပ်ပြောပါတယ်။

“ဒါက ယာယီရွှေ့ပြောင်းပေးတာပဲဖြစ်ပါတယ်။ ကျနော်တို့ရဲ့လုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်တဲ့အထိ သတ်မှတ် ထားတာပါ။”

အခုအချိန်ထိတော့ ဝန်ထမ်းစုစုပေါင်း ၄၄ ဦးကို ရန်ကုန်ကိုရွှေ့ပေးဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ ဝန်ထမ်း ၁၃၀ ကျော်လောက်ကတော့ ဒေသထဲမှာ ဆက်ရှိနေသေးတယ်၊ ပုံမှန်လုပ်ငန်းတွေ အပြည့် မလုပ်ပေးနိုင်တော့ ဘဲ လျှော့ချပြီးလုပ်နေရတယ်လို့ မစ္စတာ Nigam က ဆက်ပြောပါတယ်။ မစ္စတာ Nigam ကပဲ အခုလို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကိုလည်း အခုလို ဆက်ရှင်းပြပါ တယ်။

“မောင်တောမြို့နယ်မှာ အနှောင့်အယှက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ကျနော်တို့ဝန်ထမ်းတွေက သတင်းပို့လာပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်လည်း ပါပါတယ်။ အဲဒီတော့ ကျနော်တို့ဝန်ထမ်းတွေအနေနဲ့ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ဘူးလေ။ ဒီနေရာမှာ ဝန်ထမ်းတချို့က တောင်းဆိုလာလို့ သူတို့ဆန္ဒအရ ရွှေ့ပေးဖို့ အခုလို ဆုံးဖြတ်ခဲ့ရတာပါ။”

ဒါ့အပြင် နောက်ထပ် ဘယ်လောက် ထပ်ရွှေ့ဖို့ ရှိမယ်ဆိုတာကတော့ ရှေ့မှာ ဘယ်လိုဆက်ဖြစ် လာမလဲ အပေါ် မူတည်တယ်လို့ မစ္စတာ Nigam က ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ပြန်ကောင်းလာရင်တော့ ပုံမှန် အလုပ်တွေကို အပြည့်အဝ ချက်ခြင်းပြန်လုပ်ပေးနိုင်အောင် စီစဉ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆက်ပြောပါတယ်။

“ကျနော်တို့လက်ရှိအခြေအနေကို သုံးသပ် အကဲဖြတ်သွားပါမယ်။ မကြာခင်မှာ ပြန်သွားနိုင်မယ်လို့ လည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ဝန်ထမ်းတွေ ပြန်သွားလို့ ဖြစ်ဖြစ်ချင်းပဲ ကျနော်တို့ရဲ့ ပုံမှန် လုပ်ငန်းတွေကို ပြန်လုပ်ပေးချင်ပါတယ်။”

ဒီ ကုလသမဂ္ဂဝန်ထမ်းတွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အဓိကဖြန့်ဖြူးပေးနေတာ ဖြစ်ပြီး အစားအစာ အကူအညီတွေလည်း ပါနေပါတယ်။ အခု ရွှေ့ပြောင်းခဲ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ ရုံးတွေထဲမှာတော့ UNHCR ကုလသမဂ္ဂ၊ ဒုက္ခသည်များ ဆိုင်ရာ မင်းကြီးရုံး၊ WFB ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်နဲ့ UNICEF ခေါ် ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့က ဝန်ထမ်းတွေ အဓိက ပါဝင်ပါတယ်။

တချိန်တည်းမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဘရောင်းကလည်း ဒီအကြမ်းဖက်မှုတွေအတွက် အထူးစိုးရိမ်မိကြောင်းနဲ့ နှစ်ဘက်လုံးက အကြမ်းဖက်မှုတွေ မလုပ်ဘဲ နောက်ဆုတ်ပေးကြဖို့၊ နောက် အာဏာပိုင်တွေ၊ ဒေသခံခေါင်းဆောင်တွေအနေနဲ့ ဒီပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်နိုင်အောင် ဆွေးနွေးဖြေရှင်းပေးကြဖို့ကိုလည်း မနေ့ကပဲ သတင်းထုတ်ပြန်ပြီး တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေး ဦးဆောင်လုပ်ပေးနေတဲ့ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း ဒီအကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှုတွေကို ဖော်ထုတ်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ပေးဖို့ကိုလည်း မေတ္တာရပ်ခံခဲ့ကြပါတယ်။ တကယ်တော့ ဒီအကြမ်းဖက်မှုတွေ ဟာ မေလ ၂၈ ရက်နေ့မှာ ရခိုင်အမျိုးသမီးတဦးကို မူစလင်သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲ အပြီးမှာ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရတာပါခင်ဗျာ။

XS
SM
MD
LG