သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပဋိပက္ခ အစပြုတဲ့လူသတ်မှု စတင်ကြားနာ


ကျောက်နီမော်ကျေးရွာသူ မသီတာတွေး အကြမ်းဖက် အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန် တယ်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးထားသူတွေကို ဒီကနေ့ ကျောက်ဖြူမြို့နယ် တရားရုံးတခုမှာ စတင် ကြားနာ ပြီဖြစ်ပါတယ်။ စွပ်စွဲထားသူသုံးဦးထဲက တဦး တနင်္ဂနွေနေ့ကပဲ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် သွားပြီး တဲ့ နောက်တရက်မှာ အမှုကိုစတင် စစ်ဆေးတာလည်းဖြစ်ပါတယ်။ ကျောက်ဖြူနဲ့ တောင်ကုတ်မြို့တွေ မှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါပေမဲ့လည်း ညမထွက်ရတဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာ ကြောင့် လူထု နေထိုင်စားသောက် လုပ်ကိုင်ရေး မှာ အခက်အခဲတွေ ရှိနေတယ်လို့ ကျောက်ဖြူမြို့ခံ တဦးကပြောပါတယ်။ ဒီအခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို အဓမ္မပြုကျင့်ပြီး သတ်ပစ်ခဲ့မှု နဲ့ စွပ်စွဲ ဖမ်းဆီးထားသူ လူငယ်တွေကို ဒီကနေ့ ကျောက်ဖြူမြို့မှာ ရုံးထုတ်စစ်ဆေးတာပါ။ စွပ်စွဲခံထားရသူတွေ ထဲက တဦးကတော့ တနင်္ဂနွေနေ့ကပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်တွင်း တချို့မြို့တွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ရတဲ့ အဓိက အရင်းခံ အကြောင်းရင်းဖြစ်တဲ့ ဒီလူသတ်မှုကို စပြီး ရုံးတင်စစ်ဆေးတာမှာတော့ အေးအေးဆေးဆေးပဲ ရှိခဲ့တယ်လို့ တရားရုံးမှာ ကိုယ်တိုင်သွားရောက် နားထောင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP က ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကို ပြောပါတယ်။

"ကျောက်နီမော်က ဖမ်းထားတဲ့ တရားခံသုံးယောက်မှာ တယောက်က ဆုံးသွားပြီ။ ၂ ယောက်ကျန်တဲ့သူကို ဒီကနေ့ တရားခွင်တင်ပြီး အမှုစပြီး စစ်နေပါတယ်။ မနက် ၉ နာရီခွဲလောက်က ရုံးထုတ်တယ်။ သက်သေ သုံးယောက် စစ်ပြီးသွားပြီ။ အေးအေးဆေးဆေးပါ။ မြို့ကလည်း လာပြီးနားထောင်တဲ့ သူတွေလည်း ရှိပါတယ်။ လာပြီးနားထောင်တဲ့သူတွေက ၁၀၀ တောင် မပြည့်ပါဘူး။ မိုးလည်း နည်းနည်း ရွာနေတဲ့အတွက်ကြောင့် ထင်ပါတယ်။ လာနားထောင်တဲ့သူက သိပ်မများလှပါဘူး။"

ကျောက်ဖြူမြို့မှာ တခြားတင်းမာမှုတွေ ဘာမှမရှိဘဲ အခြေအနေက အေးဆေးငြိမ်သက်နေတယ်လို့ ဦးဘရှင် က ပြောပါတယ်။ ဒါပေမဲ့လည်း ပြည်နယ်တခုလုံးမှာ အရေးပေါ်အခြေအနေ ထုတ်ထားတာကြောင့်တော့ လုပ်ကိုင်စားသောက်ကြရတဲ့ လူထု အခက်အခဲကြုံနေရတာတွေရှိပြီး ဒီအခြေအနေကို ဘယ်လို ကူညီဖြေရှင်းပေးနိုင်မယ်ဆိုတာ သူတို့ လေ့လာ စောင့်ကြည့်နေတယ် လို့ ဆိုပါတယ်။

"ညမထွက်ရအမိန့်ထုတ်လိုက်တဲ့အတွက်ကြောင့် အလုပ်လုပ်တဲ့ လုပ်သားပြည်သူအပေါ်မှာတော့ အခက်အခဲတွေ အများကြီးဖြစ်သွားတာပေါ့။ သွားရေး၊ လာရေး၊ စားရေး၊ သောက်ရေး၊ နေထိုင်ရေး၊ လုပ်ကိုင်ရေး စသည်အားဖြင့်- အဲဒီ ညမထွက်ရ အမိန့်က ဘယ်လောက်များတာရှည်မလဲ၊ အဲဒါ ပြည်သူ လူထုက ဒီ ညမထွက်ရအမိန့်ကြောင့် ဘယ်လောက်အထိ ထိခိုက်မှုရှိမလဲဆိုတာကို သက်ဆိုင်ရာ တာဝန် ရှိတဲ့သူတွေကတော့ အလေးအနက်ထား စဉ်းစားမှာပေါ့ဗျာ။ အခုက သွားရေးလာရေးတွေမှာ ကျနော် သတင်း ကြားနေတာက ကျောက်ဖြူနဲ့ရန်ကုန် တိုက်ရိုက်ပြေးတဲ့ကား ခရီးသွား၊ ခရီးလာနည်းတဲ့ အတွက်ကြောင့် ၅ရက် နားမယ်၊ နောက်တခါ စစ်တွေနဲ့ တောင်ဘက်ပိုင်းကို ဆွဲနေတဲ့ အမြန်ယာဉ်တွေ ရှိတယ်၊ အဲဒီ အမြန် ယာဉ်တွေလည်း လောလောဆယ် ခရီးစဉ်မရှိတော့ဘူးဆိုပြီးတော့ သတင်းကြားတယ်။"

ပြီးခဲ့တဲ့သီတင်းပတ်တွေက ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရှိခဲ့တဲ့ တောင်ကုတ်မြို့မှာလည်း အခြေအနေ က အေးဆေး ငြိမ်သက် နေပါတယ်။

"တောင်ကုတ်ကတော့ အေးအေးဆေးဆေးပါ။ လုံခြုံရေးအခြေအနေကလည်း တင်းတင်းကျပ်ကျပ် မချထား ပါ။ အရင်ကလို ပုံမှန်ပဲ။ ဒီအတိုင်းပဲ - အရင်တုန်းကလို အေးအေးဆေးဆေးပါပဲ။ ကျနော်တို့တောင်ကုတ် က မပါသလိုပဲ။ တောင်ကုတ်က နဂိုရ်အတိုင်းပဲ၊ အရေးအခင်းမဖြစ်ခင်ကလိုပဲ သွားလာနေကြ ပါတယ်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။"

တောင်ကုတ်မြို့ခံတဦး ပြောပြသွားတာပါ။

စစ်တွေနဲ့ မောင်းတောမြို့တွေမှာ အခြေအနေတွေ ဆိုးရွားနေဆဲရှိနေသေးပေမဲ့ တခြားနေရာတွေမှာ အေးဆေး ငြိမ်သက်နေတာကြောင့်တော့ အများအတွက် စိတ်အေးစရာဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မတည်ငြိမ်သေး တဲ့ နေရာတွေက အခြေအနေတွေ ရက်ဆက်ပြီးဆိုးရွားနေမယ်ဆိုရင် အရေးပေါ်အခြေအနေ တာရှည်ပြီး လူထုအတွက် ပိုထိခိုက်လာမှာကိုတော့ စိုးရိမ်နေကြပါတယ်ခင်ဗျား။

XS
SM
MD
LG