သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ပဋိပက္ခ သတင်းဖော်ပြတဲ့ စာနယ်ဇင်းတွေ သတိပေးခံရ


ရခိုင်ပြည်နယ်အတွင်းဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ရေးကြတဲ့ သတင်းတချို့ ဟာ ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ မူဝါဒတွေနဲ့ ငြိစွန်းနေလို့ အရေးယူလို့ရတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတိပေးခဲ့ပြီး ဆူပူမှုဖြစ်အောင် ရေးသားတာမျိုးတွေ့ရင် ပြင်းထန်စွာ အရေးယူ မယ်လို့ စာပေစိစစ်ရေးအကြီးအကဲက ပြောခဲ့ပါတယ်။ ဒီသတိပေးချက်တွေအပေါ် သတင်း သမားတွေရဲ့ သဘောထားတွေနဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ခိုက်မှု သတင်းတွေကို ကိုယ်တိုင် သတင်းသွားယူနေကြတဲ့ သတင်းသမားတွေရဲ့ အတွေ့အကြုံတွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ သတင်းတွေကိုရေးကြတာနဲ့ ပတ်သက်လို့ ဇွန်လ ၁၀ ရက် တနင်္ဂနွေနေ့မှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့အတူ စာပေစိစစ်ရေးအကြီးအကဲတွေက သတင်းသမားတွေ ကို ခေါ်ယူ သတိပေးခဲ့တာပါ။ အခုလက်ရှိ သတင်းရေးသားချက် တချို့ဟာ ထုတ်ပြန်ထားတဲ့ ဥပဒေ နဲ့ ငြိစွန်းနေတာ မျိုး တွေ့ရသလို တိုင်းပြည်ဆူပူအောင် လှုံ့ဆော်တဲ့အရေးအသားမျိုးတွေ ရှိလာရင် ဥပဒေပုဒ်မ ၅/ည၊ ပုဒ်မ ၅၀၅/ခ အရ ထောင်ဒဏ် ၉ နှစ်အထိ ချမှတ် အရေးယူမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ ဒီသတင်းစုံဂျာနယ်တွေဟာ စာပေစိစစ်ရေးရဲ့မူအောက်မှာပဲ ရှိသေးတဲ့အတွက် စာမူကြိုပြီး တင်ရမယ်ဆိုတာကို လက်ခံပေမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အပြစ်ပေးအရေးယူမယ် ဆိုတဲ့ အဆင့်ထိ ပြောဆိုချက်တွေပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။ အခု ရခိုင်ပြည်နယ်ထဲကသတင်းတွေနဲ့ ပတ်သက်လို့ ဘယ်အချက်တွေမရေးရဘူး၊ ဘယ်လိုအသုံးအနှုန်းတွေမထည့်ရဘူးဆိုတဲ့ အချက် အတိအကျ ထုတ်ပြန်တာလည်း မရှိဘူးလို့ ပြည်သူ့ခေတ်ဂျာနယ်ရဲ့အယ်တီတာချုပ် ဦးဖေမြင့်က ပြောပါတယ်။

"ကျနော်တို့က စာပေစိစစ်ရေးနဲ့ အလုပ်လုပ်နေတာဆိုတော့ စာပေစိစစ်ရေးကိုတင်ပြီးတော့ ထုတ်ရတဲ့ လူတွေပဲ။ အဲဒီတော့ စာပေစိစစ်ရေး အနေနဲ့ ကျနော်တို့ကို ဒါကတော့ မရဘူး၊ ဒါကတော့ ရတယ် ဆိုရင်လည်း ဖြတ်တောက်မယ်ဆိုရင်လည်း ရတယ်ဗျ။ တကယ်လို့ ပြောစရာ ဆိုစရာရှိရင်လည်း ဒီဟာတွေ ကတော့ အခုချိန်ကျမှ ဘယ်လို ဘယ်ပုံဆိုပြီး ကျနော်တို့ကို ပြောရင် ဖြစ်တာပေါ့ဗျာ။ သို့သော် မနေ့ကတော့ အဲဒီလို မဟုတ်ဘဲနဲ့ တိုင်းဒေသကြီးရုံး ဝန်ကြီးချုပ်ရုံးကို ခေါ်ပြီးတော့ ကျနော်တို့ကို အဲဒါတွေ သတိပေးတယ်။ ဘယ်ဟာကို ဘယ်လို ဖောက်ဖျက်ရင်တော့ ဥပဒေဘယ်လောက်၊ ဘယ်ရွေ့အရ ထောင်ဒဏ်တို့-ဘာတို့-ညာတို့ စသည်ဖြင့် အဲဒါတွေ ပြောတာ။ အဲဒီလောက် အထိကျတော့ နည်းနည်း များသွားသလားလို့ အောက်မေ့တာပဲဗျာ။"

ဒီသတင်းစာရှင်းလင်းပွဲကို တာဝန်ရှိသူတွေဘက်က ဘယ်လိုအရေးယူနိုင်တယ်၊ ဘာတွေသတိထားရမယ်၊ ဘယ်လိုလိုက်နာရမယ်ဆိုတဲ့ အချက်တွေကို သာပြောသွားကြတာဖြစ်ပြီး သတင်းသမားတွေ ဘက်က မေးခွန်းမေးခွင့် မရကြပါဘူး။ ဒါပေမယ့် သတင်းသမားတွေကတော့ အများပြည်သူသိသင့်တဲ့ သတင်းတွေကို အမှန်ကန်ဆုံးအချက်အလက်တွေနဲ့ ဖော်ပြနိုင်ဖို့ လိုမယ်လို့လည်း ဆိုပါတယ်။

"သတင်းကိုတော့ အများပြည်သူသိအောင်တော့ ကျနော်တို့ တာဝန်ရှိတာပေါ့ဗျာ။ အဲဒီသတင်းတွေကို ကျနော်တို့ တတ်နိုင်သလို တတ်နိုင်သမျှ အမှန်ကန်ဆုံးဖြစ်အောင် မေးမြန်းစုံစမ်းပြီး ရေးဖို့က သတင်း သမားတွေရဲ့တာဝန်လို့ ကျနော်တို့က ယူဆတယ်ဗျ။ တခြား ဘာရည်ရွယ်ချက်တို့၊ ဘာတို့ ညာတို့ ဆိုတဲ့ ဟာမျိုးတွေ ထည့်လေ့မရှိဘူးပေါ့ဗျာ။ အဓိကကတော့ သတင်းအချက်အလက်မှန်ကန်ဖို့ကို အဓိက ထားတာပဲ။ ဖော်ပြစရာ ရှိတဲ့သတင်း မဖော်ပြရင်တော့ ကျနော်တို့က သတင်းတာဝန် ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ဘူးပေါ့နော်- ဒီလိုပဲ သဘောထားပါတယ်။"

ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အယ်တီတာချုပ် ဆရာဦးဖေမြင့်ပါရှင်။ အခုဆိုရင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲ ဖြစ်နေတဲ့ ပြဿနာတွေကို သတင်းယူကြဖို့အတွက် သတင်းထောက်တွေရောက်နေကြပြီး ဒီကနေ့ စစ်တွေမြို့ရဲ့မြင်ကွင်းကိုတော့ ပြည်တွင်း သတင်းထောက်တဦးက အခုလိုပြောပြပါတယ်။

"အကုန်လုံးကတော့ စိုးရိမ်ပူပန်နေကြတာပေါ့နော်။ ဒီမှာ ဆိုင်တွေကလည်း အကုန်လုံးပိတ်ထားရတယ်။ လူတွေအကုန်လုံးကလည်း ထိတ်လန့် နေကြတာပေါ့။ အထူးသဖြင့် မြို့အစွန်ဘက်က ရခိုင်တွေဆိုလို့ရှိရင် မြို့ထဲကို ပြောင်းလာတာ ရှိကြတယ်။ ဘာဖြစ်လို့လဲဆို သူတို့ ညမအိပ်ရဲကြတော့ဘူး။ နောက်ပြီး ဘယ်လောက် ထိ ဆိုးလဲဆိုလို့ရှိရင် ယောက်ကျား၊ မိန်းမ ကလေးမကျန် အကုန်လုံးက တုတ်၊ ဓားကိုင်ပြီး ကိုယ့်အိမ်ရှေ့မှာ ကိုယ် စောင့်ရတဲ့အနေအထားမျိုးဖြစ်နေတယ်။ နောက်ဆုံး မျက်စေ့မမြင်တဲ့သူကအစ ဝါးချွန်ကိုင်ပြီး အိမ်ရှေ့မှာစောင့်နေရတာမျိုးတွေ တွေ့ရတယ်။"

၂ ဘက်အပြန်အလှန်ဖြစ်နေကြတဲ့ ပဋိပက္ခတွေထဲ အတော်သထိထားပြီး သတင်းရယူနေကြရတယ် လို့လည်း ရှင်းပြပါတယ်။

"သတင်းသွားယူတာကတော့ ရဲတပ်ရင်းက လုံထိန်းတွေကလည်း ကူညီပါတယ်။ ဟိုတုန်းကနဲ့တော့ နည်းနည်းကွဲသွားတယ်။ အဲဒီတခုတော့ ထူးခြားတယ်ပေါ့နော်။ တခုရှိတာကတော့ သတင်းဓာတ်ပုံ ရိုက်မယ်ဆိုရင် သူတို့မျက်နှာတွေပါလာရော။ အဲလိုတွေ ပါမှာကိုတော့ တချို့တွေက မကြိုက်ဘူး ပေါ့။ ဒါပေမဲ့ နောက်တချက်က သူတို့ ဒေသခံတွေ ပြောတဲ့စကားကို တချို့နေရာတွေမှာ သိပ်နားမလည်ဘူး။ ကိုယ်က အဓိကသွားနေရတာက တိုင်းရင်းသားတွေရဲ့နေရာတွေကိုပဲ သွားလို့ရတာ။ အဲဒီနေရာမှာ နားလည်မှုလွဲသွားလို့ရှိရင် အသက်အန္တရာယ်ရှိတာပေါ့။"

စစ်တွေမြို့မှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက သူ့ရဲ့အတွေ့အကြုံတွေ ကို ပြောပြခဲ့တာပါရှင်။ လတ်တလောမှာတော့ စစ်တွေမှာ အရင်နေ့တွေကထက် အနည်းငယ်ငြိမ်သက်နေ တယ်လို့ ဆိုနိုင်ပေမယ့် ပြဿနာဖြစ်တဲ့ ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်နေ့ တွေမှာတော့ လုံခြုံရေးအင်အား နည်း တာကြောင့် တချို့နေရာတွေမှာ အချိန်မီ ထိန်းသိမ်းတာမျိုးတွေ မတွေ့ရဘူးလို့လည်း သတင်းထောက်တွေ က ပြောပါတယ်။ အခု ရခိုင်ပြည်နယ်ထဲ ဖြစ်နေတဲ့ ပြဿနာတွေအတွင်း ၂ ဘက် စလုံးက ကလေးငယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေ အတော်လေး အတိဒုက္ခရောက်နေကြရ တဲ့ မြင်ကွင်းတွေကို တွေ့ရတယ်လို့ သတင်းထောက်တွေက ပြောကြပါတယ်ရှင်။

XS
SM
MD
LG