သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ကိစ္စ အမေရိကန်နဲ့ EU စိုးရိမ်


ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်မှု တွေကို ချက်ချင်းရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟီလာရီ ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။ လူတွေ သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့ ဒီအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်ရကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဥရောပသမဂ္ဂ ကလည်း ပြောဆိုပါတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက ဆက်ပြီး ပြောပြပါမယ်ရှင်။

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ဆက်ပြီးဖြစ်ပွားနေတဲ့အပေါ် အထူးစိုးရိမ်မှု ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ နှစ်ဘက်စလုံးက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ကိုင်တွယ်ဖြေရှင်းကြဖို့နဲ့ အကြမ်းဖက် တိုက်ခိုက်မှုအားလုံး ရပ်ဆိုင်းဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။ အခုအဖြစ်အပျက်နဲ့ပတ်သက်လို့ မြန်ဆန်ထိရောက်ပြီး ထင်သာမြင်သာရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေ ကို တောင်းဆိုလိုက်သလို လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆွေးနွေး အဖြေရှာနိုင်ဖို့အတွက် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ရိုဟင်ဂျာအပါအဝင် မူစလင်တွေ စတဲ့ ဒေသခံအဖွဲ့အားလုံးနဲ့ အတူတူ ပူးပေါင်း ဆောင်ရွက်ဖို့လည်း မြန်မာအာဏာပိုင်တွေကို မစ္စ် ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ကြိုးပမ်းချက်တွေ၊ ဒီကြိုးပမ်းမှုတွေမှာ ပါဝင်ကြသူတွေ အားလုံးကို ကြိုဆိုတဲ့အကြောင်းနဲ့ လက်ရှိ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေက မြန်မာနိုင်ငံတွင်း အမျိုးသားရင်ကြားစေ့ရေး ကြိုးပမ်းမှုတွေ အောင်မြင်ဖို့မှာ တိုင်းရင်းသားအဖွဲ့တွေ၊ ဘာသာရေးအုပ်စုတွေ အချင်းချင်းကြား အပြန်အလှန် နားလည်မှုတည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ ကို ထောက်ပြနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မတူကွဲပြားတဲ့ အုပ်စုတွေအားလုံးရဲ့ အခွင့်အရေးတွေကို လေးစားတဲ့၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်ဖို့ မြန်မာနိုင်ငံ သားတွေ အတူတကွ ပူးပေါင်း ဆောင်ရွက် သွားကြဖို့ကိုလည်း ဝန်ကြီးကလင်တန်က တိုက်တွန်းသွားပါတယ်။

တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလည်း ရခိုင်ပြည်နယ်မှာ လူတွေသေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့ လတ် တလော အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တုန်လှုပ်ရတဲ့ အကြောင်း ပြောဆိုပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေဟာ ကျေနပ် အားရစရာ ဖြစ်ပေမဲ့ အခြေအနေတွေ ပြန်လည် ကောင်းမွန် လာပြီလို့တော့ ယူဆတာ မဟုတ်တဲ့အကြောင်းနဲ့ အီးယူ ဥရောပ သမဂ္ဂ အနေနဲ့ လက်ရှိ အခြေအတွေကို အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်းတွေကို ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ ပြောရေးဆိုခွင့်ရှိသူ Maja Kocijanic က ဗွီအိုအေကို ပြောပါတယ်။

“ကျမအနေနဲ့ ပြောနိုင်တာကတော့ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က အခြေအနေကို အီးယူက အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာပါ။ အကြမ်းဖက်မှု၊ ထိခိုက်မှုတွေနဲ့ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်ပျက်ခဲ့ တဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကိုကြားရတော့ ကျမတို့ တုန်လှုပ်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသမ္မတရဲ့ ကြေညာချက်နဲ့ ကြေညာချက်ထဲမှာပါတဲ့ အချက်တွေကို ထင်ဟပ်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေကို ကျမတို့ ကြိုဆိုပါတယ်။ အခုလို ဖြေရှင်းရခက်တဲ့ လူ့အဖွဲ့အစည်း အချင်းချင်း အကြား ဖြစ်တဲ့ ပဋိပက္ခမှာ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ အခြေအနေကို မှန်ကန်တဲ့နည်းလမ်းတွေသုံးပြီး ကိုင်တွယ် ဆောင်ရွက်နိုင်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအဖွဲ့တွေကြား ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းတွေ နဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေအတွက် အကူအညီပေးသွားရေး ဟာ ဥရောပသမဂ္ဂရဲ့ ဦးစားပေး လုပ်ငန်းတရပ်ပါလို့လည်း ဆိုပြီးတော့ အခုကိစ္စမှာလည်း သူတို့ဘက်က ဘယ်လို အကူအညီတွေ ပေးနိုင်မလဲ ဆိုတာကို မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် မေးမြန်း ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း Maja Kocijanic က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာခဲ့တဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က စလို့ အခုတကြိမ် ရခိုင်ပြည်နယ် တွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေအတွင်း အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ ရပြီး ဖြစ်သလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။ အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတဲ့အတွက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့သလို အဆုံးမသတ်နိုင်တဲ့ ရန်လိုမုန်းတီးစိတ်တွေ၊ လက်စားချေ လိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေ ကြီးမားကျယ်ပြန့်လာအောင် မလုပ်ကြဖို့ လူထုကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ရခိုင်ဘက်က မူစလင်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့ကို ပြန်လည် မောင်းထုတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တွေက ပြောပါတယ်။ တနင်္ဂနွေနေ့က မူစလင် ၂၀၀ လောက် သယ်ဆောင်လာတဲ့ လှေ ငါးစီးကို ပင်လယ်ထဲကို ပြန်ပြီး တွန်းပို့ခဲ့တယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်က ရမ်းဗြဲမြို့နယ်၊ ကျော်နီမော်ကျေးရွာသူ အမျိုးသမီးတဦးကို မူစလင်လူငယ်တချို့က အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက်ပိုင်း အခုလက်ရှိ အကြမ်းဖက်မှုတွေ စတင်လာခဲ့တာဖြစ်ပြီး စစ်တွေနဲ့ မောင်တောမြို့တွေမှာ အခြေအနေတွေက ဆက်ပြီး တင်းမာနေတုန်းပဲလို့ ဒေသခံတွေက ပြောကြပါတယ်ရှင်။

XS
SM
MD
LG