သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစတင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က သူ့ကိုပေးအပ်ထားခဲ့တဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆု လက်ခံယူဖို့အပါအဝင် ထူးခြားတဲ့ သမိုင်းဝင်ဥရောပခရီးစဉ် ကို စတင်လိုက်ပြီဖြစ်ပါတယ်။ ၁၈ ရက်ကြာမယ့် ဥရောပခရီးကို ဒီကနေ့က စတင်ပြီး ထွက်ခွာသွားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကပြောပါတယ်။

“၁၀ နာရီက ထွက်သွားပါတယ်။ ဒေါက်တာတင်မာအောင်ရယ်၊ ဦးခွန်သာမြင့်ရယ်၊ နောက် ဦးဇေယျာသော်ရယ်၊ နောက် နေခြည်ဝင်းရယ်၊ ၁၈ ရက် ကြာမယ်လို့ ပြောသွားတယ်။”

၂၄ နှစ်အတွင်း ပထမဆုံး ဥရောပခရီးစဉ်ကို ရန်ကုန်ကနေ ဗုဒ္ဓဟူးနေ့မှာ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်း နေအိမ်အကျယ်ချုပ်ဘဝမှာ အနေများခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးဟာ သူ့ကို မျက်စိဖွင့်ပေးမယ့် ခရီးတခု ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်းနဲ့ မြန်မာနိုင်ငံ ဘယ်လောက်ခေတ်နောက်ကျနေပြီလဲဆိုတာကို လက်တွေ့သိလာနိုင်မယ်လို့ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ ဂျနီဗာမှာကျင်းပနေတဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးရဲ့ ညီလာခံမှာ မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ အဲဒီကနေ နော်ဝေနိုင်ငံကို သွားရောက်မှာဖြစ်ပြီး သူနေအိမ် အကျယ်ချုပ်ဘဝနဲ့ ရှိနေတာမို့ မယူနိုင်ခဲ့တဲ့ ၁၉၉၁ ခုနှစ်တုန်းက ပေးအပ်ထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုကိုလက်ခံယူပြီး မိန့်ခွန်းလည်းပြောကြားမှာဖြစ်ပါတယ်။

နောက် ဆက်သွားမယ့်နိုင်ငံကတော့ အိုင်ယာလန်နိုင်ငံဖြစ်ပြီး အဲဒီမှာ နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Amnesty International က ချီးမြှင့်မယ့် လူ့အခွင့်ရေးဆုကို နာမည်ကျော် ရော့ခ်၊တေးဂီတ အဆိုတော် Bono က ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်မှာ ဖြစ်ပါတယ်။

အဲဒီကနေ သူ့ကို ပါလီမန် ၂ ရပ်မှာ မိန့်ခွန်းပြောကြားဖို့ ဖိတ်ကြားထားတဲ့ ဗြိတိန်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မိုက်ကယ်အဲရစ္စ်နဲ့ နှစ်ရှည်လများနေထိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သူ့ရဲ့ ဥရောပ ခရီးစဉ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စ သီးသန့်တွေ့ဆုံဖို့တွေလည်း ရှိပါတယ်။

ဒီဥရောပခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ ဒုတိယခရီးစဉ်ဖြစ်ပြီး ပထမဆုံးခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံကအပြန် ၅ ရက်အကြာမှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG