သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေဒုက္ခသည်စခန်း ဝမ်းလျှောရောဂါ စဖြစ်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇွန်လ ၁၅ ရက်၊ သောကြာနေ့ လင်းအား ကြီး အချိန်မှာ မီးရှို့မှုတခုဖြစ်ခဲ့ပေမဲ့ အခုတော့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်။ မီးလောင်တဲ့အတွက်တော့ လူနေအိမ်တချို့ ပျက်စီးခဲ့ရပါတယ်။ အကြမ်းဖက် အဓိကရုဏ်းတွေ မရှိတော့ပေမဲ့ အရောင်းအဝယ်တွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အသွားအလာတွေကတော့ ပုံမှန် ပြန်မဖြစ် သေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ ဒုက္ခသည် စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှောဖြစ်တာတွေရှိနေပြီး သောက်ရေသန့်လုပ်တဲ့ ဆေးပြားတွေ အရေးပေါ်လိုအပ်နေတယ်လို့ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေတွေ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

စစ်တွေမြို့မှာ ဇွန်လ ၁၄ ရက်နေ့ တနေ့လုံးလိုလို ငြိမ်သက်နေခဲ့ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်း ထားနိုင်ပြီလို့ ရခိုင် ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ၁၅ ရက်နေ့ လင်းအားကြီးအချိန်မှာပဲ ပိုက်သေရွာမှာ မနက် ၁ နာရီ ၄၅ ကစပြီး မီးလောင်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူးတဦးဖြစ်သူ ဦးခိုင်ပြည်စိုးက ဗွီအိုအေကို ပြောပါတယ်။

“ပထမ မလောင်ခင်မှာ လူ ၃ ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့ လှုပ်ရှားနေတာပေါ့ဗျာ။ အဲဒီဟာကို ကျေးရွာမှာနေတဲ့ လူငယ်တွေက အုပ်ချုပ်ရေးမှူးကို သွားပြီး သတင်းပို့တယ်။ ဒီနားမှာ လူ ၃ ယောက်တွေ့တယ်။ အဲဒါကို သက်ဆိုင်ရာအနေနဲ့ စစ်ဆေးပေးပါလို့ သွားပြောတဲ့အခါမှာ အုပ်ချုပ်ရေးမှူးကို လုံးဝ မလှည့်ကြည့်တဲ့အတွက်ကြောင့် မီးလောင်မှု ဖြစ်ပွားရတယ်။ ရခိုင်အဆောင် (ရခိုင်အိမ်)၂၀ ပါသွားတယ်။ မီးသတ်ကားတွေ ရောက်လာခါမှ မီးတွေက ငြိမ်းသွားတယ်။ ဒုတိယတကြိမ် ပြန်တိုက်တယ်။ ဒုတိယတကြိမ်ပြန်တိုက်တဲ့အခါမှာ မိုးနည်းနည်း ရွာလိုက်တဲ့အတွက်ကြောင့် ဘေးနားက ရခိုင်အိမ်တွေ သိပ်ပါမသွားဘူး။ ရခိုင် နှစ်ဆောင် (ရခိုင်အိမ် နှစ်လုံး) လောက်တော့ ပါသွားတယ်။”

ဒီမီးဟာ ရှို့မီးဖြစ်ပြီး မီးရှို့မှုအတွက် သံသယရှိသူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းထောက်တဦးက ပြောပါ တယ်။ မြို့ရဲ့အခြေအနေက အခုချိန်ထိ ပုံမှန်နီးပါးအခြေအနေကိုတောင် ပြန်မရောက်သေးဘူးလို့လည်း သူက ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ်အသီးသီးမှာ ဒုက္ခသည်တွေအတွက် ယာယီစခန်း ၃၇ ခု ဖွင့်ထားပြီး စုစုပေါင်း လူဦးရေ ၃၁,၀၀၀ ကျော်ရှိတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

စစ်တွေမြို့မှာတော့ နှစ်ဘက်ဒုက္ခသည်တွေအတွက် စခန်း ၁၇ ခု ဖွင့်ထားပြီး လူဦးရေပေါင်း ၂၄,၀၀၀ ကျော်ရှိနေပါတယ်။ အခု စစ်တွေက စခန်းအတော်များများမှာ ဝမ်းပျက် ဝမ်းလျှောရောဂါတွေဖြစ်နေပြီး ပိုဆိုးလာမှာကို စိုးရိမ်ရတယ်လို့ RNDP ပါတီကပဲ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဦးစိန်ကျော်လှက ပြောပါတယ်။

“ကျနော်တို့ စစ်တွေမြို့နယ်ထဲမှာရှိတဲ့ စခန်းတော်တော်များများမှာ ဝမ်းလျှော၊ ဝမ်းပျက် အဲလိုဖြစ်တယ်။ ကျနော်တို့ဒေသမှာ ဆင်းရဲသားတွေ နေတဲ့ ရပ်ကွက်တွေမှာ ဆိုရင်တောင်မှ အဲဒီလို မိုးဦးကျရာသီဆိုရင် ကိုယ့်အိမ်မှာကိုယ် နေလို့တောင်မှ အဲလို ရောဂါတွေက အလိုလို ဖြစ်တာ။ အခုလို လူ အစုလိုက်၊ အပြုံလိုက် စုပေါင်းနေတဲ့ နေရာမှာကျတော့ ပိုဆိုးတာပေါ့။ ကြီးကြီး မားမားကြီး ဖြစ်နေတာတော့ မဟုတ်သေးပါဘူး။ သာမန်အစပြုတဲ့သဘောလောက်ပါပဲ။ ဒါတွေကို ကျနော်တို့က သတိမထားဘူး ဆိုရင် ဒီ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ပိုပြီး ဖြစ်ပါလိမ့်မယ်။”

လူ ၁,၀၀၀ ရှိတဲ့စခန်းမှာ အိမ်သာက ၂ လုံး ၃ လုံးလောက်ပဲရှိနေတာကြောင့် နေရာမရွေး စွန့်ပစ်နေကြတဲ့ အတွက် အဲဒီအခြေ အနေက စိုးရိမ်စရာဖြစ်နေတယ်လို့ သူကဆိုပါတယ်။ အဲဒါကြောင့်လည်း လိုအပ် ချက်တွေ အများအပြားရှိတဲ့ထဲမှာ သောက်ရေ သန့်လုပ်တဲ့ ဆေးပြားတွေ အဓိကလိုနေတယ်လို့ ဦးစိန်ကျော်လှကပြောပါတယ်။

“အစားအသောက်၊ အစာရေစာ၊ နောက်ပြီးတော့ သောက်ရေ - သောက်ရေဆိုတာက ရေသန့်သောက် တာ မဟုတ်ဘူး။ ရေကို ကျိုချက်ပြီးတော့ သောက်နေတာမဟုတ်ဘူး။ သာမန်မိုးရေတွေ၊ ကန်ရေတွေ၊ တွင်းရေတွေ ဒါတွေကိုပဲ သောက်နေရတယ်။ ဖြစ်နိုင်ရင် အဲဒီလို ကန်ရေ၊ မိုးရေတွေမှာ ရေသန့်ဆေးပြားလေးတွေ ရှိတယ်မို့လား- အဲဒီလို ဆေးပြားလေးတွေ လုံလုံ လောက် လောက် ရှိတယ်ဆိုရင်တော့ မဆိုးဘူး။ စခန်းတိုင်း၊ စခန်းတိုင်းမှာ အဲဒီလိုသောက်ရေတွေ ကို ထည့်ပေးထားမယ်ဆိုရင် အဲဒါ ရေသန့်ဖြစ်သွားမယ်။ အဓိကလိုအပ်ချက်ထဲမှာ ”

ဒီအတောအတွင်းမှာပဲ ကျောက်ဖြူမြို့တရားရုံးမှာ ရမ်းဗြဲမြို့နယ်၊ သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံခဲ့ရတဲ့အမှုကို ဇွန်လ ၁၅ ရက်နေ့မှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။ နှစ်ဘက်လျှောက်လဲ ချက်တွေ ပြီးသွားပြီဖြစ်ပြီး နောက်တကြိမ် ရုံးချိန်းမှာ ဆုံးဖြတ်တော့မယ်လို့ RNDP ပါတီက ကျောက်ဖြူမဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က အခုလို ပြောပြ ပါတယ်။

“လာမယ့်တနင်္လာနေ့မှာ သီးခြားဆုံးဖြတ်ချက်ချဖို့ ဆိုပြီးတော့ ရုံးချိန်းပေးလိုက်တယ်။ တရားလိုပြ သက်သေတွေက တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ၃ ရက်၊ တရားလိုပြသက်သေတွေ စစ်တယ်။ စွဲချက် ကိစ္စကို ဆောင်ရွက်တယ်။ ဒီနေ့မနက်ပိုင်းမှာ တရားခံ ၂ ယောက်ကို စစ်တယ်။ သူတို့က သက်သေ မပြဘူး။ အဲဒီတော့ ညနေပိုင်းမှာ လျှောက်လဲချက် ကြားနာတယ်။ တနင်္လာနေ့မှာ ဆုံးဖြတ်မယ်လို့ ပြော ပါတယ်။”

မသီတာထွေး အသတ်ခံရတဲ့အမှု၊ အဲဒါနဲ့နောက်ဆက်တွဲ တောင်ကုတ်မှာ လူ ၁၀ ဦး အသတ်ခံရတဲ့ဖြစ်ရပ် စတာတွေဟာ ရခိုင် ပြည်နယ်တွင်း ရုန်းရင်းဆန်ခတ်အခြေအနေတွေရဲ့ ကနဦး အစ အကြောင်းရင်းတွေ လို့ ဆိုရမှာပါ။ ရခိုင်ပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းရဲ့ အဆိုအရဆိုရင်ဖြင့် ဇွန်လ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်တဝန်း သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၃၈ ဦး ရှိပြီး မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့နေအိမ်ပေါင်း ၂,၅၂၈ လုံး၊ ဗလီဝတ်ပြုကျောင်း ၇ လုံး၊ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတကျောင်းတို့ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG