ဥရောပ ၅ နိုင်ငံကို ခရီးထွက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု နော်ဝေနိုင်ငံကို ရောက်နေပြီး ဒီကနေ့ ဇွန်လ ၁၆ ရက်မှာတော့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို ကိုယ်တိုင်လက်ခံယူမှာ ဖြစ်ပါတယ်။ မနေ့ ဇွန်လ ၁၅ ရက်နေ့ ညနေမှာ နော်ဝေနိုင်ငံ အော်စလိုမြို့ကို ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာတွေအပြင် အနီးဝန်းကျင်နိုင်ငံတွေက မြန်မာတွေပါ လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။
ဇွန်လ ၁၃ ရက်ကနေ ၂၄ ရက်နေ့ထိ ဥရောပ ၅ နိုင်ငံဆီ ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ ဇွန်လ ၁၅ ရက် သောကြာနေ့ နော်ဝေစံတော်ချိန် ညနေဘက်မှာတော့ ဒုတိယမြောက်နိုင်ငံအဖြစ် အော်စလိုမြို့ကို ရောက်ခဲ့ပါတယ်။
ဒီကနေ့ ဇွန်လ ၁၆ ရက်၊ စနေနေ့ရဲ့ မြန်မာစံတော်ချိန် ညနေ (၅)နာရီ၊ နော်ေ၀ စံတော်ချိန် နေ့လည် ၁ နာရီမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်မှာ နော်ဝေနိုင်ငံက ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို လက်ခံမယ့် အစီအစဉ်အပါအဝင် မြန်မာနိုင်ငံသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဖို့ တွေလည်း ရှိမယ်ဆိုတာတွေကိုတော့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာနေတဲ့ မြန်မာ့သတင်းသမဂ္ဂဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။
“ပထမဆုံးအစီအစဉ်က နေ့ခင်းပိုင်း တနာရီမှာ ဒေါ်အောင်ဆန်းစုကြည်က နိုဗယ်ဆုတွေပေးလေ့ရှိတဲ့ ခန်းမကြီးမှာ သူ့ရဲ့ နိုဗယ်လက်ချာပေါ့နော်- အဲဒီခန်းမမှာ ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဘုရင်နဲ့ ဘုရင်မအပါအဝင် နိုင်ငံတကာက ဂုဏ်သိက္ခာ ရှိတဲ့ ဧည့်သည်တွေလည်း လာကြလိမ့်မယ်၊ မြန်မာနိုင်ငံက ပုဂ္ဂိုလ်တွေလည်း အများကြီးပဲ လာကြပါလိမ့်မယ်။ အဲဒါပြီးတဲ့ နောက်မှာ မြန်မာနိုင်ငံသားတွေအတွက် သီးသန့် မြန်မာလို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကားပြောဖို့နဲ့ လူတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ဖို့ စီစဉ်ထားတာလည်း ရှိပါတယ်။
အဲဒါပြီးတော့မှ တခါ နိုင်ငံတကာက ပရိတ်သတ်ကို နော်ဝေနိုင်ငံသားတွေ အပါအဝင် သူတို့ကို အင်္ဂလိပ်လို မိန့်ခွန်းပြောဖို့ စီစဉ်ထားတာ ရှိပါတယ်။ စောစောပိုင်းတုန်းကတော့ နိုဗယ်ဆုပေးတဲ့အခမ်းအနားတိုင်းမှာ ကျင်းပလေ့ရှိတဲ့ မီးတုတ် ကိုင်ပြီး လူထုက ချီတက်တာမျိုး ငြိမ်းချမ်းရေးဆုရှင်ကို နှုတ်ဆက်တဲ့အခမ်းအနား ပထမတော့ စီစဉ်ထားတာ ရှိပါတယ်။ အခုနောက်ပိုင်းတော့ အဲဒီအစီအစဉ်ကို သူတို့ ဖျက်လိုက်တာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျနော်တို့လည်း အတိအကျ မသိရပါဘူး။”
အော်စလိုမြို့က ဦးမောင်မောင်မြင့်က ဒီကနေ့ အစီအစဉ်တချို့ကို ပြောပြခဲ့တာပါရှင်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာနိုင်ငံသားတွေကိုရော နော်ဝေနိုင်ငံသားတွေပါ အော်စလိုလေဆိပ်မှာ သွားကြိုကြဖို့ စီစဉ်ထားကြပေမယ့် အစိုးရက အထူးလမ်းကြောင်းအစီအစဉ်နဲ့ ခေါ်လာခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်တည်းခိုမယ့် Grand Hotel ရှေ့မှာ စောင့်ဆိုင်းကြိုဆိုခဲ့ကြပါတယ်။
မြန်မာ့ရိုးရာ ဒိုးပတ်၊ အိုးစည်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးသန့်စပ်ဆိုထားတဲ့ သီချင်းတွေနဲ့ ဟိုတယ်ရှေ့မှာ ကြိုဆိုခဲ့ကြတဲ့ အသံတွေပါရှင်။ ဒါ့အပြင် နော်ဝေနိုင်ငံတဝှမ်းမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားအများအပြားလည်း အော်စလိုမြို့ကို ရောက်နေကြပါတယ်။ အဲဒီအထဲက မြန်မာဦးဇင်းတပါးက သူရဲ့ဆန္ဒကို အခုလို မိန့်ပါတယ်။
“အများကြီးမျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ တိုင်းပြည်အတွက် အရေးကြီးတာလေ။ ဦးဇင်းတို့ တိုင်းပြည် ငြိမ်းချမ်းရေးအတွက်က သူက အခရာအကျဆုံးဆိုတော့ - မြန်မာပြည်ထဲ အခု ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ ကိစ္စ၊ နောက် ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စအတွက်က အင်မတန်မှ အရေးကြီးတယ်ဆိုတာ - ဒီလို ခေါင်းဆောင် တယောက်က နိုင်ငံတကာကို ဆော်သြမယ်ဆိုရင် ငြိမ်းချမ်းရေးက ဒိထက်ပိုပြီး ဖြစ်လာလိမ့်မယ်လို့ ဦးဇင်းတို့က မျှော်လင့်ပါတယ်။”
အခု ဦးဇင်းမိန့်ခဲ့သလိုပဲ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မျှော်လင့်နေကြတဲ့ နော်ဝေရောက် မြန်မာနိုင်ငံသားတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရလို့ ကြည်နူးမှုတွေကိုလည်း နားဆင်စေချင်ပါတယ်ရှင်။
“ဒေါ်စုကို ကားပေါ်ကဆင်းလိုက်ကတည်းကလေ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ မျက်ရည်တွေပါ ကျတယ်။ လူတွေ အများကြီး ငိုကြတယ်။ အမေစု၊ အမေစုဆိုပြီး နှုတ်ဆက်ကြတယ်။ အမတို့ မြန်မာနိုင်ငံသားတွေတင်မကပါဘူး။ တခြားနော်ဝေမိတ်ဆွေတွေရော၊ တခြား နိုင်ငံခြားသားတွေရော၊ တိုးရစ်စ်တေရော အများကြီးပဲ။ ထင်တောင် မထင်ထားဘူးပေါ့နော်။ အကုန်လုံးက ဒေါ်စုနဲ့ ပထမဦးဆုံးအကြိမ် တွေ့တဲ့ပွဲဆိုတော့လေ- ခဏ ဟိုတယ်မှာနားတယ်။ သူထွက်တဲ့အချိန်ကိုလေ၊ အမတို့ ဗမာနိုင်ငံသားတွေအားလုံး မပြန်ကြဘဲနဲ့ ဟိုတယ်က ဒေါ်စု ပြန်ဆင်းလာတဲ့အထိ၊ လက်ပြနှုတ်ဆက်တဲ့အထိ အမတို့ စောင့်တယ်။”
“အမေစုရောက်လာတယ်ဆိုတော့ ကျနော် ဒီနေ့ နေ့လည်ကတည်းက စောင့်နေတာ။ ရုတ်တရက်တွေ့လိုက်ရတော့ ကျနော် နှစ်ပေါင်းအများကြီး မတွေ့ရတာကြာပြီဖြစ်တဲ့ အမေ့ကိုတွေ့ရသလို အများကြီး ဝမ်းသာပီတိ ဖြစ်မိပါတယ်။”
အခု အော်စလိုကို နော်ဝေနိုင်ငံအဝှမ်းက မြန်မာတွေတင်မဟုတ်ပါဘူးရှင်၊ အိမ်နီးချင်း ဒိန်းမတ်၊ ဖင်လန်အပြင် နယ်သာလန်၊ ဘယ်လဂျီယန်၊ ဂျာမဏီနဲ့ တခြားဥရောပ နိုင်ငံတွေက မြန်မာတွေလည်း ရောက်နေကြပါတယ်။ အဲဒီအထဲက ပြင်သစ်နိုင်ငံကနေ အခုအော်စလိုကို ရောက်နေတဲ့ ကိုထွေးကတော့ -
“ကျနော် ပြင်သစ်ကနေလာတာ တစ်အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆုပေးပွဲကို ကျနော် လာတက်တာ။ နောက်တခုကတော့ ပြင်သစ်ကို ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ ပြင်သစ်မှာ ကြိုဆိုရေးအဖွဲ့ဆိုပြီးတော့ပေါ့နော်- နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမှာဆိုတော့ ကျနော်တို့က လာလေ့လာတာပါ။ ဒီမှာရှိတဲ့ မြန်မာ community တွေနဲ့ ဘယ်လိုတွေ့တယ်၊ ဘယ်လို လုပ်တယ်ဆိုတာကို လာပြီး လေ့လာတာပါ။ အဲလို လေ့လာပြီးတော့ ကျနော် ဦးဆောင်စီစဉ်မှာဖြစ်တဲ့အတွက် အတွေ့အကြုံရအောင်လို့လည်း လာတာပါ။”
ပြင်သစ်နိုင်ငံကနေ အော်စလိုမြို့ကို ရောက်နေတဲ့ ကိုထွေး ပြောပြခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၇ ရက် တနင်္ဂနွေနေ့မှာတော့ နော်ဝေနိုင်ငံက ဘာဂင်မြို့ဆီ ခရီး ဆက်မှာ ဖြစ်ပါတယ်။ အဲဒီမှာ ဘာဂင်မြို့က ချီးမြှင့်တဲ့ ရပ်ဖတို လူ့အခွင့်အရေးဆုကို လက်ခံမှာဖြစ်ပြီး အဲဒီမြို့ဘက်တွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုနော်ဝေနိုင်ငံပြီးရင်တော့ အိုင်ယာလန်၊ အင်္ဂလန်နဲ့ ပြင်သစ်နိုင်ငံတွေဆီ ခရီးဆက်မှာ ဖြစ်ပါတယ်။