ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့နောက်ကွယ်မှာ အကြမ်းဖက်အဖွဲ့တွေ ပါဝင် ပတ်သက်နေ တယ်ဆိုတဲ့ သတင်းတွေကို ရနေတာကြောင့် နိုင်ငံထဲကို ပြဿနာတွေဝင်လာအောင်လုပ်တာ လက်မခံနိုင် ဘူးဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါ တယ်။ ဒီလို အခြေအနေမှာပဲ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရခိုင်လူမျိုးတွေမှာလည်း ကျီးလန့်စာစား နေနေကြရပါတယ်။ ဘင်္ဂလားဒေ့ရှ် ဘက်က အခြေအနေတွေကိုတော့ ဦးစံမိုဝေက တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပဋိပက္ခ၊ အဓိကရုဏ်းတွေဖြစ်ပြီး ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂ လားဒေ့ရှ်နိုင်ငံက လက်ခံပေးဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ NGO တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုနေကြပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ကတော့ လုံးဝ လက်မခံနိုင်ဘူးလို့ ကြာသာပတေးနေ့မှာ ငြင်းဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dipu Moni က လွှတ်တော်ကို တင်ပြခဲ့ရာမှာ မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားနေတဲ့ ပြဿနာရဲ့နောက်ကွယ်မှာ ဂျမတ် အီး၊ အစ္စလာမ်အဖွဲ့ ပတ်သက်နေတယ်လို့ မြန်မာအစိုးရကနေ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ပြောပြခဲ့ကြောင်း၊ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို ပြဿနာတွေ ဝင်လာတာ လက်မခံနိုင်တဲ့အတွက် ထွက်ပြေးလာသူတွေကို လက်မခံနိုင်ဘူးလို့ ပြောဆိုသွားတယ်ဆိုပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေ စိုက်တဲ့ နေရဉ္ဇရာ သတင်းဌာနရဲ့အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ပြောပြပါတယ်။
“ဂျမက်ကနေပြီးတော့ ဒီဟာတွေကို လှုံ့ဆော်ပေးတယ်၊ ပြီးတော့ လက်နက်တွေနဲ့ လူတွေလွှတ်ပြီးတော့ လုပ်တယ်ဆိုပြီးတော့ ဗမာပြည် အစိုးရက ပြောတယ်တဲ့။ အဲဒါကို သူက ပြောတာပါ။ အဲဒီက ပြဿနာ ဒီဘက်ကို ရောက်လာမယ်တဲ့။ ဒီပြဿနာ- သူများနိုင်ငံက ပြဿနာ ကိုယ့်ပြဿနာဖြစ်လာမယ်တဲ့။ အဲဒါကြောင့် သူတို့ လက်မခံနိုင်ဘူးလို့ ပြောတယ်။”
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နယ်စပ်တလျှောက်မှာလည်း တိုက်ခိုက်မှုတွေပြုလုပ်မယ်ဆိုပြီးတော့ သတင်းတွေရထားတာကြောင့် နယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ပြောပြပါတယ်။
“လုံခြုံရေးကတော့ အပြည့်ချထားတာပေါ့။ ဗမာပြည်ကလူတွေ မဝင်ရအောင်၊ ပြီးတော့ ဒီကလူတွေရဲ့ အသက်၊ အိုးအိမ်ကို ကာကွယ် စောင့်ရှောက်တဲ့သဘောပေ့ါဗျာ။ နယ်စပ်မှာတော့ အများကြီး ချထားတာပေါ့။ ရဲတွေကို သိသိသာသာ အများကြီးချထားပါတယ်။ လူမြင်ကွင်း မှာကို ချထားပါတယ်။ ရဲတွေလည်းပါတာပေါ့ဗျာ။ RAB ပါတာပေါ့ဗျာ။ မြို့ထဲမှာတော့ ရဲတွေပေါ့။ နယ်တွေမှာတော့ BDR တို့ RAB တို့ ဆိုတာတော့ သူတို့က လုံခြုံရေးယူထားတာပေါ့။ RAB ဆိုတာကတော့ မှုခင်းနှိမ်နင်းရေး တပ်ဖွဲ့ပေါ့ဗျာ။”
နယ်စပ်မြို့ဖြစ်တဲ့ ကော့ဆက်ဘဇားအပါအဝင် နယ်စပ်တလျှောက်မှာရှိတဲ့ ရွာပေါင်း ၂၀ ကျော်မှာ ရွာတွေ ပြောင်းရွှေ့ကြတာ၊ ဆိုင်တွေပိတ်၊ လူတွေကလည်း အပြင်မထွက်ကြဘဲ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ပြောပြပါတယ်။
“ဒီနေ့ကျတော့ ရခိုင်တွေကို အပြင်မသွားနဲ့၊ အပြင်ကိုမထွက်နဲ့ဆိုပြီးတော့ အဲဒီလို အာဏာပိုင်တွေက သူတို့ဘက်ကလည်း လှုံ့ဆော်ထား တာတွေရှိတဲ့အတွက် လူတွေကတော့ အပြင်ကို သိပ်မသွားကြဘူး။ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြတယ်။ ဆိုင်တွေလည်းမဖွင့်ဘူး။ ဘယ်မှ မသွားဘဲ နေနေကြတာပေါ့။ တချို့နေရာတွေမှာ ရွာလုံးကျွတ် လုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့တာတွေ ဒီဘက်မှာ ဖြစ်နေတယ်လေ။ အဲဒီတော့ လူတွေက ဘယ်လိုဖြစ်သလဲဆိုတော့ စိုးရိမ်နေကြတာပေါ့။ ကောဠာဟလတွေလည်း ပြန့်နေ တာပေါ့ဗျာ။ အဓိက-ကတော့ ကောဠာဟလတွေပေါ့။ အမျိုးမျိုး ပေါက်တတ်ကရသတင်းတွေ တက်နေ တယ်။ အဲဒီလိုဖြစ်တော့ ဒီမှာရှိတဲ့ တချို့လူတွေ ကလည်း အစ္စလာမ်ဘာသာဝင်တွေကလည်း ဒေါသထွက် တယ်။ အဲဒီလိုဖြစ်နေတော့ ဒီမှာ ပြဿနာတွေကတော့ ကောဠာဟလတွေနဲ့ ရှုပ်ယှက်ခတ်နေတော့ လူတွေကလည်း စိုးရိမ်နေကြတာပေါ့ဗျာ။”
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ကတော့ လူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို အကာအကွယ် အပြည့် အဝပေးမယ်ဆိုတဲ့ ပြောဆိုထားတယ်လို့ သိရပါတယ်။ တချို့ အစွန်းရောက် လှုံ့ဆော်သူတွေက အရှေ့အလယ်ပိုင်းတို့၊ အင်ဒိုနီးရှားတို့မှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ပုံတွေ၊ ပိုစတာတွေကို မြန်မာနိုင်ငံမှာဖြစ်နေ ခဲ့သလို လိုက်လံကပ်ထားပြီးတော့ စာစောင်တွေထဲမှာထည့်တာ၊ အင်တာနက်၊ ဝဘ်ဆိုဒ်မှာတင်တာ စသဖြင့် ပြဿနာဖြစ်အောင် ပြုလုပ်နေတာကြောင့် အခြေအနေတွေက ပိုဆိုးနေတာလို့လည်း ဦးခိုင်မြတ်ကျော်က ပြောပြပါတယ်။
“ကော့ဆက်ဘဇားမှာ အာရပ်ကတက်တဲ့သတင်း ဓာတ်ပုံတွေဗျာ၊ ဆီးရီးယားက သေတဲ့ဓာတ်ပုံတွေ၊ အင်ဒို နီးရှားမှာသေတဲ့ ဓာတ်ပုံတွေကို ဒီမှာယူပြီးတော့ ရိုဟင်ဂျာတွေသေပါတယ်ဆိုပြီးတော့ သူတို့ စာတွေ လိုက်ကပ်တယ်လေ။ သတင်းစာတွေထုတ်တယ်။ အပြင်မှာ ပိုစတာတွေ လိုက်ကပ်တော့ ဒေသခံတွေက တကယ်ထင်ပြီးတော့ အဲဒီလို ပြဿနာတက်လာတာပေါ့ဗျာ။”
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက်မှာ ရခိုင်ရွာတွေ ရွာပေါင်း ၂၀ ကျော်ရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း မြန်မာနိုင်ငံသား၊ ရခိုင်လူမျိုး စုစုပေါင်း ၃ သိန်း ဝန်းကျင် နေထိုင်ကြတယ်လို့ သိရပါတယ်။