သုံးရလွယ်ကူစေသည့် Link များ

ကချင် စတင်ပစ်ခတ်ဟု အစိုးရထုတ်ပြန်ချက် KIA ငြင်းဆို

  • မသင်းသီရိ

ကချင် စတင်ပစ်ခတ်ဟု အစိုးရထုတ်ပြန်ချက် KIA ငြင်းဆို

ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေဟာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က စတင်ပစ်ခတ်လို့ အစိုးရတပ်ဘက်က မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက်ရပါတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

KIA ဘက်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ကျူးကျော်စစ်ဆင် လှုပ်ရှားလာလို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာလို့ တုန့်ပြန်ပါတယ်။ တာပိန်လျှပ်စစ်စံမံကိန်းရှိရာနယ်မြေမှာ အရင်ကတည်းက မြန်မာ အစိုးရဘက်က လုံခြုံရေးရှိပြီးသားမို့ နောက်ထပ် တပ်ဖွဲ့တွေ စေလွှတ်တာဟာ ရန်လိုတဲ့လုပ်ရပ်ဖြစ်တယ်လို့ KIA ဘက်က ယူဆပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီကနေ့ မြန်မာအစိုးရပိုင် သတင်းစာထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲ သတင်းတွေ စရေးတာ ဖြစ်ပါတယ်။ အဲဒီမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ခြိမ်းခြောက်မှုတွေနဲ့ အတူ စပြီး တိုက်ခိုက်လာတဲ့အတွက် အစိုးရစစ်ကြောင်းတွေက မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ရင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုတိုက်ပွဲ ဖြစ်ပွားတဲ့နေရာကို ကြည့်ခြင်းအားဖြင့် အစိုးရစစ်တပ်တွေက သူတို့နယ်မြေထဲကို စစ်ဆင်ရေးတွေနဲ့ ၀င်ရောက်လာခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်ရတာတွေ ဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်ဆိုင်းက တုန့်ပြန်ပါတယ်။

“ဒီကိစ္စက ကျနော်တို့အနေနဲ့စတယ်ဆိုတာကတော့ ကျနော်တို့ ရှိနေတဲ့နယ်မြေမှာ ကျနော်တို့အတွင်းပိုင်းကို အစိုးရတပ်တွေက ထိုးဝင်လာတဲ့နေရာတွေမှာ အစိုးရတပ်က ကြီးကြီးကျယ်ကျယ် စစ်ဆင်ရေးပြင်ပြီး ပြုလုပ်လာသလိုဖြစ်လာတဲ့အခြေအနေတွေကို ပြည်သူအားလုံးလည်း မျက်မြင်ကိုယ်တွေ့ဖြစ်နေတော့ကာ ကျနော်တို့ဘက်က စလုပ်တာမဟုတ်ဘူးဆိုတာတော့ အားလုံးအရှင်းပဲ ဖြစ်ပါတယ်။ လူတွေအားလုံးကလည်းပဲ မြင်ပြီးသား၊ ရှင်းလင်းနေပြီးသား ဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျ”

တခါ ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ ရေအားလျပ်စစ်စီမံကိန်းတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေရှိလာနေတဲ့အတွက် အစိုးရတပ်တွေက ကာကွယ်စောင့်ရှောက်လိုတာကြောင့် လုံခြုံရေးအတွက် ကချင်လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ရှားခိုင်းတာ ဖြစ်တယ်ဆိုတဲ့ ရေးသားချက်အပေါ်ကိုတော့ ဗိုလ်ချုပ်ဇော်ဆိုင်း တုန့်ပြန်တာက

“ရေအားလျှပ်စစ်ဆောက်လုပ်ထားတာဟာ နှစ်နဲ့ချီပြီးကြာနေပြီ။ စဆောက်တဲ့အချိန်မှာတောင်မှ ဘာမှ ပြဿနာမရှိခဲ့ဘူး။ နှစ်နဲ့ချီပြီး ကြာနေပြီးတဲ့နောက်မှ အခုမှ ပြဿနာဖြစ်လာတယ် ဆိုတာကတော့ ဒါက စဉ်းစားစရာဖြစ်တယ်။ ဆက်ပြီးတော့လည်း ပြဿနာမဖြစ်အောင် လုံခြုံရေးကိစ္စတွေလည်းပဲ အရင်ကတည်းက ရှိနေတဲ့ နေရာတွေဖြစ်တယ်။ အရင်ကတည်းက ရှိနေတဲ့နေရာမှာ ရေအားလျှပ်စစ်တွေဆောက်လုပ်တယ်။ ပြီးပြီးတဲ့နောက် နှစ်ပေါင်း ဒီလောက်ကြာနေပြီ၊ ဘာမှ ပြဿနာမရှိဖူးဘူး။ အဲဒါကြောင့် ဆက်ပြီးတော့လည်းပဲ ပြဿနာမပေါ်အောင် အားလုံးအနေနဲ့ လုပ်လို့ဖြစ်တယ်လို့ ကျနော်တို့က ဒီအတိုင်းပဲ အမြင်ရှိတယ်ခင်ဗျ။ ရှေ့ဆက်ပြီး လုံခြုံရေးကို လိုတယ်ဆိုရင်လည်းပဲ နှစ်ဘက်ဆွေးနွေးပြီး လုံခြုံရေးယူရင်လည်းပဲ ပြီးနိုင်တဲ့ပြဿနာတွေ ဖြစ်တယ်လို့ပဲ သဘောထားတယ် ခင်ဗျ”

ကချင်အစိုးရအဖွဲ့က KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာကို ပြီးခဲ့တဲ့ရက်က အခြေအနေတွေဆွေးနွေးဖို့အတွက် ညှိနှိုင်းရေး အဖွဲ့တဖွဲ့ စေလွတ်ထားပါတယ်။ ဒီညှိနှိုင်းမှုတွေရဲ့ နောက်ဆုံးအခြေအနေကိုလည်း ဗိုလ်ချုပ် ဇော်ဆိုင်းက အခုလိုပြောပြပါတယ်။

“အခု လောလောဆယ် သိရသလောက်ကတော့ ဆွေးနွေးနေတယ်ဆိုတာလောက်ပဲ သိရတယ်။ ဒါကတော့ ယုံကြည်ရတဲ့အထောက်အထားတွေကို တဘက်က ဒါကို ညှိနှိုင်းနေတယ်ဆိုတဲ့ သဘောလောက်ပဲ အခု သိရတယ်ခင်ဗျ။ နောက်ဆုံးအခြေအနေကတော့ ဘာပဲဖြစ်ဖြစ် ပစ်ခတ်နေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့အတွက် ၂ ဘက်စလုံးကနေပြီးလည်းပဲ ဒီ သဘောထားနဲ့ ဆွေးနွေးနေတယ်ဆိုတာလောက်ပဲ သိရတယ်ခင်ဗျ။ အခုလောလောဆယ်မှာတော့ တခြားတိုက်ပွဲတွေ ဆက်ပြီး ကြီးကြီးကျယ်ကျယ်ဖြစ်သံကို မကြားမိရသေးဘူး ခင်ဗျ”

ကချင် KIO အဖွဲ့က တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်ဆိုင်းပါရှင်။ အခုဆိုရင် တိုက်ပွဲတွေဖြစ်နေတာ တပတ်ကျော် ကြာနေခဲ့ပြီးတော့ အဲဒီ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂလို အဖွဲ့ကြီးက ကြားဝင် ကူညီဖို့ကိုလည်း ဆန္ဒရှိတယ်လို့ ကချင် KIO အဖွဲ့က ပြောထားပါတယ်။ တိုက်ပွဲတွေဟာ တစထက်တစပိုပြီး ပြင်းထန်လာနေတာမို့ ဒေသခံတိုင်းရင်းသားတွေဟာ တရုတ်နိုင်ငံထဲ ပြေးဝင်ခုံလှုံ နေကြရတာရှိသလို ဒီဒုက္ခသည်တွေဟာ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ မရဘဲ အခက်အခဲတွေ ကြုံနေကြတယ်လို့လည်း ကူညီရေးလုပ်ပေးနေတဲ့ ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG