သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး အစီအစဉ်သစ် သမ္မတဦးသိန်းစိန် ကြေညာ


မြန်မာနိုင်ငံမှာ လူတဦးချင်းရဲ့ပျမ်းမျှဝင်ငွေကို ၃ ဆတိုးအောင် လုပ်သွားချင်တယ်လို့ သမ္မတ ဦးသိန်းစိန် က ပြော လိုက်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက် သွားမယ့် လုပ်ငန်းစဉ်တွေနဲ့စပ်လျဉ်းပြီး သမ္မတ ဦးသိန်းစိန်က ဒီကနေ့ နေပြည်တော်ကနေ တနိုင်ငံလုံးကို ရုပ်မြင် သံကြားကနေတဆင့် တိုက်ရိုက်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ အဲဒီလို ပြောသွားတာပါ။ မိန့်ခွန်းတခုလုံးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စကို အဓိက အာရုံစိုက်ပြောဆိုသွားပေမဲ့ နိုင်ငံအနေနဲ့ အရေးတကြီး အကောင် အထည်ဖော် လုပ်ဆောင်သင့်တဲ့ ကိစ္စရပ်တချို့ကို ထည့်မပြောခဲ့ဘူးဆိုတဲ့ အမြင်မျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဒီနှစ်မှာစပြီးဆောင်ရွက်နေတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော် နဲ့ ပြည်သူတို့ရဲ့ အကျိုး စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။ လာမယ့် ၅ နှစ် အတွင်း လူတဦးစီရဲ့ ပျှမ်းမျှ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (per capita GDP) ကို အခြေခံနှစ်ထက် ၁.၇ ဆ တိုးတက်စေဖို့ ရည်မှန်းထားပေမဲ့ အဲဒီထက်ပိုရအောင်ကြိုးစားသွားဖို့ ရည်မှန်းထားတယ်လို့ သမ္မတက ပြောသွားတာပါ။

“တွက်ချက်ရရှိထားတဲ့ GDP တိုးတက်မှုနှုန်းအရ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ် လာမယ့် ပြည်သူတွေ ရဲ့ တဦးချင်း ပျမ်းမျှ GDP ဟာ အခြေခံနှစ်ထက် ၁.၇ ဆ ရရှိဖို့ တွက်ချက် ခန့်မှန်းထားသော်လည်းပဲ ကျနော်တို့ အစိုးရအနေနဲ့ကတော့ ပျမ်းမျှ တဦးချင်း GDP ကို အခြေခံနှစ်ထက် ၃ဆ တိုးတက်အောင် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်။ တနည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေး လိုအပ် ချက်တွေ ဖြည့်ဆည်းပေးနိုင်အောင် အမှန်တကယ် ဝင်ငွေတိုးအောင် ကြိုးစားပေး ရမှာ ဖြစ်ပါတယ်။”

ဒါဟာ လူတဦးချင်းရဲ့ ဝင်ငွေကို ၅ နှစ်အတွင်း ၃ ဆတိုးတက်အောင် လုပ်သွားမယ်လို့ ပြောတာဖြစ်တဲ့ အတွက် ထူးခြားချက်တခု အဖြစ်မြင်သူကတော့ ဗဟုဖွံဖြိုးတိုးတက်ရေးအဖွဲ့က သုတေသနမှူး ဦးအောင်သူငြိမ်း ပါ။

“အထူးသဖြင့်တော့ဗျာ၊ ကျနော်တို့ တိုင်းပြည်မှာ အပြောင်းအလဲတွေ လုပ်တယ်ဆိုတော့ တကယ့် တကယ် အောက်ခြေ လူထုက ဝင်ငွေများလာမှ အကျိုးစီးပွားခံစားရမယ့် ကိစ္စ အနေအထားမျိုးပေါ့။ အဲတော့ အစိုးရအနေနဲ့ ကလည်း ဒါ လူတဦးချင်းရဲ့ ဝင်ငွေကို ၃ဆအထိတိုးအောင် ရည်မှန်းချက် ထားတယ် ဆိုတဲ့ သဘောပြောတဲ့အခါကျတော့ အရင်ကလည်း ဒါမျိုးပြောတာ မကြားဖူးဘူး။ နောက်တခု ကလည်း ကဲ.. ဒီလိုဖြစ်ဖို့ဆိုရင် ဘာတွေ လုပ်မလဲဆိုတာမျိုး စိတ်ဝင်စားစရာ ကောင်းပါတယ်”

သမ္မတရဲ့မိန့်ခွန်းပထမပိုင်းမှာ နိုင်ငံတော့ အရ-အသုံး ငွေစာရင်းနဲ့ပတ်သက်ပြီး ပြောသွားတဲ့ထဲ ၂၀၁၁- ၂၀၁၂ မှာ လိုငွေ ကျပ် ဘီလီယံ ၂,၁၅၉.၅၃၄၊ ၂၀၁၂-၂၀၁၃ မှာ လိုငွေ ကျပ်ဘီလီယံ ၁,၉၅၃.၇၁၂ ရှိနေ တာကို ထည့်ပြောသွားပါတယ်။ ဒါ့အပြင် နိုင်ငံခြား အကူအညီအထောက်အပံ့ကိစ္စ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး၊ မြေယာပြဿနာ၊ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စသည်အားဖြင့် အကျယ် တဝင့် ပြောသွားပါတယ်။

သမ္မတရဲ့မိန့်ခွန်းတခုလုံးကိုကြည့်မယ်ဆိုရင် လာမယ့်နှစ်တွေမှာ စီးပွားရေးကဏ္ဍကို အထူး အာရုံ စိုက်ပြီး ပြုပြင်ပြောင်းလဲ သွားဖို့ အလေးထားပြောသွားတယ်လို့ မိန့်ခွန်းကို ကိုယ်တိုင်တက်ပြီး နားထောင် ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) အထွေထွေ အတွင်းရေးမှူး ဒေါက်တာမျိုးသက်က ဗွီအိုအေကို ပြောပါတယ်။

“သမ္မတကြီးက လာမယ့်နှစ်တွေမှာ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ အာရုံစိုက်ပြီး ပြုပြင်ပြောင်း လဲဖို့ အလေးထား ပြောကြားသွားတာပါ.. တခုလုံးခြုံလိုက်ရင်ပေါ့။ စီမံကိန်းတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေကို နိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲစရာ လေးတွေကို အထူးပြောင်းလဲဖို့၊ ပြည်နယ်နဲ့တိုင်းဒေသ ဆိုင်ရာ အကုန်လုံး ကျနော်တို့ စီးပွားရေးအဖွဲ့တွေ အကုန်လုံး ကိုရော ခေါ်ပြီး မှာကြားတာဖြစ်ပါတယ်။ အလွန်ကောင်းပါတယ်။ သမ္မတကြီး ကတော့ ဒါ တော်တော်လေး ကို နိုင်ငံအပေါ်မှာ တော်တော် အလေး ထားပြီးတော့ ကောင်းစေချင်တာတွေကို ပိုပြီးတော့ ဖြစ်စေချင်တဲ့ အတွက်ကြောင့်မို့လို့ နှောင့်နှေးနေ တာတွေ ကြန့်ကြာနေ တာတွေကို အမြန် မောင်းနှင်အား တင်ပေး တာပေါ့နော်။ ဒီလို ကျနော် မြင်ပါတယ်။”

သမ္မတဟာ မြေယာပြဿနာ ဖြေရှင်းရေးကိစ္စနဲ့ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စတို့ကို အတော်လေး အကျယ်တဝင့် ပြောဆို သွားသလို အလုပ်သမားတွေရဲ့ အနိမ့်ဆုံးအခကြေးငွေ ဥပဒေတရပ် ကိုလည်း ရေးဆွဲ သွားမယ်လို့ ပြောခဲ့ပါတယ်။ လျှပ်စစ်မီးကိစ္စ၊ အခြေခံလစာကိစ္စတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆန္ဒဖော်ထုတ်ပွဲတွေ၊ ဆန္ဒပြတောင်းဆိုပွဲတွေဖြစ်ခဲ့တာကို အသိ အမှတ်ပြု ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ် လူအုပ်နဲ့ ထွက်၊ အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ လူအများရဲ့ အသက်အိုးအိမ်လုံခြုံမှု ထိခိုက်တဲ့ အထိ ဖြစ်သွားတတ်တာတွေကို သတင်းမီဒီယာတွေအပါအဝင် အားလုံးက ကာကွယ်သွားဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့လည်း သမ္မတရဲ့မိန့်ခွန်းထဲမှာ တခြားအရေးတကြီးလုပ်သင့်တဲ့ကိစ္စရပ်တချို့ မပါဝင်ခဲ့ဘူးလို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“ပညာရေးကဏ္ဍကလည်း ဒီကနေ့ ကျနော်တို့တိုင်းပြည်မှာ ချွတ်ခြုံကျနေတာ ဘယ်လိုပြောင်းမလဲ ဆိုတာမျိုးကတော့ အရေးကြီး တယ်ထင်ပါတယ်။ နောက်တခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍပေါ့၊ အဲဒါနဲ့ ပတ်သက်လို့တော့ မိန့်ခွန်းထဲမှာ ကျနော် မတွေ့ဘူး။ Good Governance ခေါ်တဲ့ ကောင်းမွန်တဲ့ အစိုးရစနစ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ.. Clean Government စသဖြင့် ပြောတာတော့ တွေ့ပါတယ်။ ဒါပေမဲ့ အကျင့်ပျက်ခြစားမှု ဘယ်လိုတိုက်ဖျက်မလဲ ဆိုတာမျိုးကို တိတိကျကျ ပြောတာမတွေ့ဘူး ခင်ဗျ”

ပြည်သူတဦးချင်းရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန်ဟာ အစိုးရ တစ်ဖွဲ့လုံး အပေါ်မှာ တာဝန်ရှိ တယ်ဆိုတာကို သမ္မတက သတိပေးပြောဆိုခဲ့ပြီး အောက်ခြေအထိ ဆင်းပြီး ဆောင်ရွက်ကြဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါ တယ်။

မိန့်ခွန်းကို နေပြည်တော်၊ သမ္မတအိမ်တော်မှာ ပြောဆိုခဲ့တာဖြစ်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေ၊ တိုင်း ဒေသ ကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌတွေ၊ ဒုတိယဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတွေက တာဝန် ရှိသူတွေ တက်ရောက်နားထောင်ခဲ့ပြီး တနိုင်ငံလုံးကို ရုပ်မြင် သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့် ခဲ့ပါတယ် ခင်ဗျား။

XS
SM
MD
LG