သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေ ဒေါ်စု ထောက်ပြ


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို ဒီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေလို ပြဿနာမျိုးတွေဟာ တရားဥပဒေ စိုးမိုးရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးတကြီး လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ပြသ နေတယ်လို့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါ တယ်။ လူပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး၊ အများ အပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့သလို၊ ထောင်သောင်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေရဲ့ အခြေခံဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ် က နှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ။

“တရားဥပဒေ စိုးမိုးရေးအပေါ်မှာ အခြေခံ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေရာမှာလည်း အပိုင်း ၂ ပိုင်း ရှိပါတယ်။ ပထမ တခုကတော့ နိုင်ငံသား ဥပဒေနဲ့ သတ်မှတ်ချက်တွေပါ။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် သတ်မှတ် ချက် ဥပဒေဟာ ဘယ်လို ပုံစံမျိုးလဲ၊ ဒါတွေဟာ တရားမျှတမှု ရှိရဲ့လား၊ ဒါတွေဟာ နိုင်ငံတကာက လက်ခံ ထားတဲ့ စံတွေနဲ့ ညီရဲ့လား ဆိုတာတွေက တပိုင်းဖြစ်ပါတယ်။ နောက်တပိုင်းကတော့ လုပ်ထုံး လုပ်နည်းတွေ မှာပါ။ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေ ဘယ်လို လုပ်ကိုင်နေကြသလဲ၊ ရဲတပ်ဖွဲ့က ဘာတွေ လုပ်နေလဲ၊ တရားရုံးတွေကရော ဘယ်လို လုပ်ကိုင်နေသလဲဆိုတာတွေပါ။ ကျမတို့ အနေနဲ့ နိုင်ငံမဲ့ ဖြစ်နေရသူတွေ ဘယ်လိုကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကို ကျမတို့ အနေနဲ့ တိတိကျကျ သိလိုတယ်ဆိုရင် ဒီအပိုင်း ၂ ပိုင်းဟာ မရှိမဖြစ် ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။”

တရားဥပဒေ စိုးမိုးမှုကို လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်တယ် ဆိုတာမျိုးကို လက်တွေ့မြင်တွေ့ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောသွားပါတယ်။ တရားဥပဒေ စိုးမိုးရေး အဖြစ် ခေါင်းစဉ်ပေးထားတဲ့ လန်ဒန်စီးပွားရေး တက္ကသိုလ်က ဆွေးနွေးပွဲ အတွင်း ပါဝင်သူ တဦးဖြစ် တဲ့ ဒေါက်တာဇာနည်ကတော့ မကြာသေးခင် တုန်းက ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေဟာ အစိုးရ အဆက် ဆက်က လုပ်ရပ်တွေရဲ့ ဆိုးကျိုးတွေအဖြစ် ပြောဆိုခဲ့တာပါ။

“နိုင်ငံမဲ့ ဖြစ်ရတဲ့ ကိစ္စဟာ အစိုးရတွေရဲ့ လုပ်ရပ်တွေက ထွက်ပေါ်လာတဲ့ အကျိုးဆက်ဖြစ်ပါတယ်။ လူထုနဲ့ လူမှုအသိုင်းအဝိုင်းကြောင့် မဟုတ်ပါဘူး။ အစိုးရတွေ အနေနဲ့ လူမျိုးရေး ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ တခါတလေ မုန်းတီးမှုတွေကိုလည်း နိုင်ငံရေးအရ အမြတ်ထွက်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဖန်တီးလေ့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့ အစိုးရသစ်အဖြစ် တက်လာပြီး နောက်မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင် သွားမယ်လို့ ကြေညာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူတချို့အတွက် အကျိုးရှိမယ့် ပြုပြင် ပြောင်းလဲရေးမျိုး မဖြစ်ဖို့ လိုမယ်လို့ သတိပေးပါတယ်။

“ပြုပြင်ပြောင်းလဲရေးဟာ တရားဥပဒေ စိုးမိုးရေး အပေါ်မှာ အခြေခံတယ်ဆိုတာကို ကျမတို့ သိရဖို့ လိုပါ တယ်၊ ပြုပြင်ပြောင်းလဲရေးဟာ မျှမျှတတ ဖြစ်ရမယ်၊ ပြုပြင်ပြောင်းလဲမှုတွေဟာ လူတချို့ကို အကာ အကွယ်ပေးတာမျိုး၊ လူတချို့ နေရာရအောင် အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။”

နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် သီတင်း ၃ ပတ် နီးပါးကြာ ထွက်လာတဲ့ ဒီခရီးစဉ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထင်ရှားသူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆို ခဲ့ကြတာပါ။ ခရီးစဉ်အစအဖြစ် ဆွစ်ဇာလန်နိုင်ငံကို သွားရောက်ခဲ့ သလို နော်ဝေနိုင်ငံ မှာလည်း ၁၉၉၁ ခုနှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို လက်ခံ ရယူခဲ့တာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့က အဆိုတော် Bono က ချီးမြှင့် ခဲ့တာကို အခမ်းအနားနဲ့ လက်ခံရယူခဲ့တာပါ။ အင်္ဂါနေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက် မွေးနေ့ကိုတော့ ဗြိတိန်နိုင်ငံမှာ ကုန်လွန်ဖို့ရှိပြီး ဗြိတိန်ပါလီမန် မှာလည်း စကားပြောဆိုဦးမှာ ဖြစ်သလို ၂၄ ရက်နေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ ပြင်သစ်နိုင်ငံကို ဝင်ရောက်ဦးမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG