သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေအခြေအနေ စိတ်မချရသေး


ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်ဆူပူမှုတွေဟာ အဆိုးဆုံးအခြေအနေကို ကျော်လွန်ခဲ့ပေမယ့် အပြည့်အ၀ ပုံမှန်ပြန်မဖြစ်သေးတဲ့အတွက် ဒုက္ခသည်တွေဟာ နေရပ်ကို မပြန်နိုင်သေးဘဲ ဖြစ်နေကြပါ တယ်။ မနေ့ကဆိုရင် စစ်တွေမြို့အတွင်းမှာ အိမ်တချို့ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် စုံစမ်းထားပြီး တင်ပြပေးထား ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် လူ အနည်းဆုံး ၅၀ လောက် သေဆုံးခဲ့ရတဲ့အထိ အခြေအနေတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ရာက အခုပြန်ပြီး တည်ငြိမ်စ ပြုလာနေပြီလို့ ပြောနိုင်ပေမယ့်လည်း လုံး၀ တည်ငြိမ်သွားတာတော့ မဟုတ်သေးပါဘူး။

စစ်တွေမြို့ပေါ်မှာ မနေ့က မီးရှို့မှု နှစ်ခါဖြစ်ခဲ့တယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက စစ်တွေမြို့ ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပြပါတယ်။

“မနေ့က ဘင်္ဂလီကုလားတွေကနေ လာမီးရှို့လို့ မီးသတ်ကားနဲ့ မီးငြိမ်းလိုက်လို့တော့ ငြိမ်သွားပါတယ်။ သူတို့လည်း မီးရှို့ပြီးထွက်ပြေးသွားရော၊ အဲလိုမျိုးအခြေအနေဖြစ်နေတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ အိမ်တအိမ်လောက်ပဲ၊ ပတ်ဝန်းကျင်က သိတာမြန်လိုက်လို့၊ ရှို့တဲ့လူတွေက ထွက်ပြေးပြီး သူတို့ရဲ့ ဘင်္ဂလီကျေးရွာထဲကို တင်းကို ဝင်ပြေးသွားတော့ လိုက်ဖမ်းလို့ မရနိုင်ဘူး။ ညဘက်ဆိုတော့-ညမထွက်ရ ဆိုတော့ လိုက်လည်း မလိုက်ရဲဘူး၊ ဒီကရွာသားတွေက အဲဒီလို ဖြစ်တာ။ ညဘက်ဖြစ် တယ်၊ နေ့လည်ပိုင်းလည်း တကြိမ်ဖြစ်တယ်။”

အခုလို အိမ်တွေကို မီးရှို့တာတွေ ရှိခဲ့ပေမယ့်လည်း ထိခိုက် ဒဏ်ရာရတာ၊ ဆူပူ အုံကြွတာတွေတော့ မဖြစ်ခဲ့ဘူးလို့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဒီကနေ့တော့ အခြေအနေတွေဟာ တည်ငြိမ်မှု ရှိတယ်ဆိုပေမယ့် အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်နေကြတဲ့ သူတွေဟာ အခုလို ကြိုကြား ဝင်ရောက် မီးရှို့တာတွေ ဖြစ်နေသေးတဲ့အတွက် နေရပ်မပြန်ရဲသေး ဘဲ ဖြစ်နေကြသလို့ မြို့ပေါ်မှာတောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အပြည့်အ၀ ယူမပေးနိုင်တဲ့ အတွက် စိုးရိမ် ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မနေ့တုန်းကတော့ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ချင်သူတွေ ပြန် နိုင်အောင် စီစဉ်ကူညီပေးနေတဲ့အကြောင်း ပြည်နယ်အစိုးရရဲ့ ကယ်ဆယ် အကူအညီပေးရေး တာဝန်ရှိ သူတွေက မနေ့ကပဲ ဗွီအိုအေကို ပြောခဲ့တာပါ။

တချိန်တည်းမှာလည်း အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့သူတွေ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး ကလည်း မြို့နယ် အတော်များများအတွင်းကို ပို့ပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Carlos Valoso က ဗွီအိုအေကို ပြောပြပါတယ်။

“မနေ့ညကအထိတော့ ကျနော်တို့ WFP အနေနဲ့ စစ်တွေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေကို စားနပ်ရိက္ခာ မက်ထရစ်တန်ချိန် ၄၅၉ တန်နီးပါး အကူအညီပေးပြီးနေပါပြီ။”

အရင် ရက်တွေတုန်းကတော့ တချို့ ဒေသတွေကို စားနပ်ရိက္ခာနဲ့ တခြားအကူအညီတွေ ပို့ပေးဖို့အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း အခုအချိန်မှာ သူတို့အနေနဲ့ မြို့တော် စစ်တွေအပါအဝင် ဘူးသီးတောင်၊ မောင်းတောဒေသတွေ အထိ အကူအညီတွေကို အခက်အခဲ မရှိပဲ ပို့ပေးနိုင်တယ်လို့ Carlos Valoso က ပြောပါတယ်။

WFP က အခုပေးနေတဲ့ အကူအညီတွေထဲမှာ ဆန်၊ ပဲ၊ ဆီနဲ့ ဆားတို့ဖြစ်ပြီး အကူအညီလိုနေသရွေ့ ဆက်ပြီး ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း Carlos Valoso က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရင်က နာဂစ်လို သဘာ၀ ဘေးအန္တရာယ်ကြီးတွေ ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိ ခဲ့ပေမယ့် အရင်က အတွေ့အကြုံတွေကို သင်္ခန်းစာယူပြီး ရောက်လာတဲ့ အကူအညီတွေကို အမြန် ဆုံး ဖြန့်ဝေပေးနိုင်ခြင်း မရှိသေးဘူးလို့ အဲဒီ ဒေသကို ကိုယ်တိုင်သွားပြီး အကူအညီပေးခဲ့သူတွေ က ထောက်ပြကြပါတယ်။

“ကျနော်တို့တွေ့တာတော့ လှူတဲ့ဥစ္စာတွေကတော့ အများကြီးပဲ၊ ဒါပေမဲ့ နာဂစ်တို့၊ ဂီရိတို့လည်း ဖြစ်ခဲ့ဖူးပြီး သား၊ ကျနော်တို့ဆီမှာ အခုထိ crisis management ပေါ့– disaster management ကို အမြဲတမ်း တုံ့ပြန်တာကတော့ နှေးတယ်လို့ ကျနော်တို့ကတော့ ထင်တယ်ခင်ဗျ။ အမှန်ကတော့ မီးလောင်တဲ့ ရပ်ကွက်တွေ ဘာတွေဆိုလည်း ရှင်းလင်းရေးလုပ်ငန်းတွေ ဘာတွေလည်း လုပ်နေကြတာပေါ့နော်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့သူတွေ အတွက်ရော အခုလတ်တလောတော့ မိုးတွေက ရွာ၊ နေစရာအခက်အခဲတွေ ကဖြစ်ပြီးတဲ့အခါကျတော့ sanitary (အများသုံးအိမ်သာ) ကိစ္စတွေ ဘာတွေက အစ အဆင်မပြေဘူးခင်ဗျ၊ ကျနော်တို့ သွားတဲ့နေရာတွေဆိုလို့ရှိရင် ကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းတွေဆို အနံ့အသက်တွေက မခံနိုင်လောက်အောင်ဖြစ်နေပြီ။ ”

တဦးနဲ့တဦး ပျက်ဆီးဆုံးရှုံးရတဲ့ အတိုင်းအတာကမတူတဲ့အတွက် အစိုးရက တန်းတူညီမျှ အားလုံးကို အကူအညီတွေ ဝေမျှပေးနေသလိုမလုပ်ဘဲ လိုအပ်တဲ့သူတွေလက်ထဲ အကူအညီတွေ တိုက်ရိုက်ပေးကြဖို့ ဒုက္ခသည်တွေကိုယ်တိုင်က အကြံပေးတာမျိုးတွေ ရှိတယ်လို့လည်း ကူညီ လုပ်ဆောင်ပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG