သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား


လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား
လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား

မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော် KIO နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုအခြေအနေတွေ ငြိမ်သက်သွားပြီလို့ ဆိုပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အခုလဆန်းကစပြီး KIA နဲ့ မြန်မာအစိုးရတပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဒီမနက် လိုင်ဇာဌာနချုပ် အနီးမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကတော့ လောလောဆယ် နောက်ဆုံးအခြေအနေ ဖြစ်ပါတတယ်။

ဒါ့ကြောင့်လည်း လိုင်ဇာ တဝိုက်မှာ ကချင်ဒုက္ခသည်တွေ ၅ ထောင်နီးပါး ရှိနေသလို တောထဲမှာ ထွက်ပြေးပုန်းအောင်းနေရတဲ့ ကချင်ဒုက္ခသည်အရေအတွက်ဟာဆိုရင်လည်း ၃ ထောင်လောက် ရှိတယ်လို့ KIA ကပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးေ၀ က တင်ပြပေးထားပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရတပ်တို့ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်သွားပြီလို့ ပြောပြီး နောက်တနေ့ စနေနေ့၊ ဒီကန့ မနက်ပိုင်းမှာပဲ KIA နဲ့ အစိုးရတပ်တွေ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အခုနောက်ဆုံးဖြစ်တဲ့ တိုက်ပွဲဟာ KIO ဌာနချုပ် ရှိတဲ့ တရုတ်-မြန်မာနယ်စပ်၊ လိုင်ဇာမြို့နဲ့ အနီးဆုံးနေရာမှာ ဖြစ်ခဲ့တာပါ။ ၈ မိုင်လောက်ပဲ ဝေးတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမဲ့ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်တဲ့အကြောင်း KIO ဗဟိုကော်မတီဝင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလာနန်က ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့။ ကားလမ်းပေါ်မှာပါ။ လိုင်ဇာနဲ့နမ့်ခမ်းရုံးပေါ့နော်။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ဖြစ်တယ်ဆိုတဲ့ဟာပဲ သိသေးတယ်”

ကချင်သတင်းဌာနရဲ့ အယ်ဒီတာ လဖိုင်နော်ဒင်းကတော့ ဒီတိုက်ပွဲဟာ မြန်မာအစိုးရ တပ်ရင်း ၃၇ နဲ့ ဖြစ်ပွားခဲ့တာဖြစ်တယ်၊ ၁ နာရီကျော်ကျော်ကြာမြင့်ပြီးတော့ ပြင်းထန်တယ်လို့ ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သောကြာနေ့တုန်းကပဲ ရန်ကုန်မြို့မှာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မြစ်ကြီးနားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော် ကြားဝင် ဖြေရှင်းပေးတဲ့အတွက် KIA နဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံးပြေလည်သွားပြီ၊ အခြေအနေတွေ မူလ အနေအထားပြန်ရောက်သွားပြီလို့ ပြောတဲ့အကြောင်း တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို ကိုးကားပြီးတော့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ KIO ကော်မတီဝင် ဦးလာနမ်ကတော့ ဒါဟာ မဟုတ်မှန်တဲ့ အကြောင်း၊ နေ့စဉ်ဆိုသလို နေရာအနှံ့မှာ တိုက်ပွဲငယ် ၂ ခုလောက်တော့ အနည်းဆုံး ဖြစ်နေတာပါလို့ ပြောပါတယ်။

အခြေအနေတွေ ငြိမ်သက်နေပါတယ်ဆိုတဲ့အပေါ် ဦးလာနမ် သုံးသပ်ပြတာကတော့ ဒီလိုပါ။

“တည်ငြိမ်သွားတယ်ဆိုတာက သေနတ်မပစ်တာနဲ့ တည်ငြိမ်သွားတယ် ဆိုတာက မဖြစ်နိုင်ဘူး။ မြို့ပေါ်မှာရှိတဲ့ လူထုတွေက အရမ်းကို ကြောက်ရွံ့နေကြတယ်။ အဲဒါက ဗုံးခွဲတာမျိုးရှိလို့ ကြောက်တာမဟုတ်ဘဲနဲ့ အစိုးရတွေရဲ့ တပ်ဖွဲ့ဝင် အစိုးရဝန်ထမ်းတွေရဲ့ ခြိမ်းခြောက်မှု၊ အဲဒါကို ကြောက်ရွံ့နေကြတာ။ ဒါကို တည်ငြိမ်တယ်လို့ ပြောလို့မရဘူး။ အခုဆို မြစ်ကြီးနားမြို့ပေါ်ဆို ည ၈ နာရီဆို မာရှယ်လော တရားဝင်မထုတ်ပေမဲ့ ၈ နာရီနောက်ပိုင်း သွားလာနေကြတဲ့ ပြည်သူတွေအပေါ် စစ်ဆေးမေးမြန်းမျိုး၊ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး၊ အဲဒါမျိုးတွေ လုပ်နေကြတယ်။ အဲဒီတော့ ဒါက တည်ငြိမ်မှုရှိတယ်လို့ ပြောလို့မရဘူး”

စစ်ပွဲတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း ပို ပိုပြီးတော့ တိုးလာတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံအတွင်း ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေအတွက် တဘက် နိုင်ငံကနေ ဒုက္ခသည်စခန်းဖွင့်ပေးတာမျိုး မရှိတာကြောင့် လိုင်ဇာဘက်ကို ပြန်ပြေးလာတဲ့အတွက် လိုင်ဇာတဝိုက်မှာ ဒုက္ခသည်စခန်း ၅ ခုထက်မနည်း ဖွင့်ပေးထားရတယ် လို့လည်း ဦးလာနမ်က ပြောပါတယ်။

“၂၂ ရက်နေ့အထိကတော့ ၄ ထောင်ကျော်ရှိတယ်။ နေ့တိုင်းကတော့ အယောက် ၃၀၊ ၄၀၊ ၅၀ အဲလိုမျိုး နေ့တိုင်း တိုးလာတာရှိတယ်။ တိုးလာတယ်ဆိုတာက ကျေးရွာကနေ သူတို့ ပြန်ပြီးတော့ ဒီဘက်ထွက်လာတဲ့ ဟာမျိုး၊ တချို့ကတော့ တောထဲမှာရောက်နေတဲ့ဒုက္ခသည်တွေက ဒီဘက်ပြန်ပြီး ရောက်လာတာရယ်၊ နောက်ပြီးတော့ တရုတ်ပြည်ဝင်သွားတဲ့သူတွေ ဒီဘက်ပြန်ပြီးတော့ ဝင်လာတဲ့ သူတွေရယ်ဆို ၅ ထောင် ကျော်ကျော်လောက်တော့ ရှိမယ်။ ”

လိုင်ဇာတဝိုက်မှာသာမကဘဲ မန္တလေး၊ မြစ်ကြီးနား ကားလမ်းရဲ့အရှေ့ဘက် မိုးညှင်း၊ ဟိုပင်တဝိုက် မှာလည်း တောထဲမှာ ပုန်းရှောင်နေသူတွေက ၃ ထောင်လောက် ရှိနေပြီး ရာသီဥတု ဆိုးဝါးတာကြောင့် တော်တော်ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။

“အဲဒီမှာ ကချင်တပ်ရင်း ၅ ရှိတယ်။ ကချင်တပ်ရင်း ၅ က ဖြစ်နိုင်သလောက် ပြုစုပေးတာမျိုး၊ အစား အသောက်တွေ ပံ့ပိုးတာမျိုးတော့ လုပ်နေတယ်။ ဒါပေမဲ့ ကျန်းမာရေးဘက်မှာတော့ ဆေးဝန်ထမ်းတွေ ရှိပေမဲ့ အဲဒီကို ဆေးတွေဘာတွေ ပို့ဆောင်ပေးဖို့ကိုတော့ ကျနော်တို့ဘက်လည်း လောလောဆယ်တော့ အခက်အခဲတော့ ရှိသေးတယ်။ အခုကျတော့ ရာသီဥတုကလည်း အဲဒီဘက်မှာ မိုးက ရွာတယ်။ တောထဲမှာ ဆိုတော့ ကျနော်တို့ဘက်မှာ ခြင်များတယ်။ အခုလိုမျိုး ရာသီကာလဆိုရင်တော့ သွေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့ကတော့ အမြဲတမ်းကြုံတွေ့ရမယ့် ပြဿနာပဲ”

ကချင်ပြည်နယ်မှာဖြစ်နေတဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး KIO ဗဟိုကော်မတီဝင်လည်းဖြစ်၊ တွဲဘက် အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးလာနမ်ရှင်းပြသွားတာဖြစ်ပါတယ်။

လိုင်ဇာမှာရှိနေတဲ့ ဒုက္ခသည်တွေအတွက် အဓိက ဆန်နဲ့ရေ၊ ဆေးဝါးတို့ကို KIO က ထောက်ပံ့ ပေးထား ပြီးတော့ ဟင်းဖိုးအတွက်ပဲ အသုံးပြုရငွေဟာ တရက်ကို သိန်း ၂၀ လောက်ကုန်ကျတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ အစပိုင်းတုန်းက HU Health Unlimited လို့ခေါ်တဲ့ NGO အဖွဲ့က ဆေး၊ ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့ပေမဲ့ နောက်ထပ် တိုးလာတဲ့ ဒုက္ခသည်တွေများတာကြောင့် မလုံလောက်တော့ဘူးလို့ ပြောပါတယ်။ ပြင်ပ အကူအညီမရဘူးဆိုရင် ရေရှည်မှာ ဒုက္ခသည်တွေ အတွက် အခြေအနေ ဆိုးနိုင်တယ် လို့လည်း KIO တွဲဘက် အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။

XS
SM
MD
LG