သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ


မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ
မြန်မာ့လူ့အခွင့်အရေး ကုလစစ်ဆေးဖို့ အမေရိကန်ထောက်ခံ

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်ပါတယ် လို့ အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။ လူသားမျိုးနွယ်တို့ အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ မြန်မာနိုင်ငံမှာ ရှိမရှိဆိုတာကို စုံစမ်းဖော်ထုတ်နိုင်မယ့် နိုင်ငံတကာကော်မရှင် ပေါ်ပေါက်လာစေဖို့ အမေရိကန်က သံန္နိဋ္ဌာန်ချဆောင်ရွက်နေပါတယ် ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက်ထုတ်ပြန် အသိပေးလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပေါက်လာဖို့လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ပန်ကြားခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်အစိုးရက ခုလို တုံ့ပြန် ပြောကြားခဲ့တဲ့ အကြောင်း အပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဖော်ထုတ် နိုင်ရေးကို အမေရိကန်အစိုးရက ကုလသမဂ္ဂအဖွဲ့ဝင် မိတ်ဆွေနိုင်ငံတွေနဲ့ အနီးကပ် တိုင်ပင် ဆွေးနွေးနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စနေနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရမယ် ဆိုတဲ့ သံန္နိဋ္ဌာန် အမေရိကန်က ချထားတာနဲ့အတူ နိုင်ငံတကာပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့နိုင်ရေးကို ဆောင်ရွက်နေပါတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေသလဲဆိုတာကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန်အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကနေတဆင့် ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောသွားတာက- မြန်မာနိုင်ငံကလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်တရပ် လိုအပ်နေတယ်ဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Mr. Quintana က ပြောကြားထားပါတယ်တဲ့။ စုံစမ်းရေးကော်မရှင်ဖွဲ့နိုင်ဖို့ Mr. Quintana ရဲ့တောင်းဆိုမှုကို သူ့အနေနဲ့လည်း ထောက်ခံတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စုံစမ်းရေးကော်မရှင်ဆိုတာ တရားစွဲဆိုစစ်ဆေးတဲ့ခုံရုံးကို ဆိုလိုတာမဟုတ်ဘူး လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းထားပါတယ်။

စုံစမ်းရေးကော်မရှင်ကနေ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ခဲ့သလဲဆိုတာကို စုံစမ်း ဖော်ထုတ်ပြီး အနာဂတ်မှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် ဘာလုပ်နိုင်မလဲဆိုတာ အဖြေရှာဖို့ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ June လ ၂၂ ရက်နေ့က ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကြောင့် စုံစမ်းရေးကော်မရှင်တရပ် အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ကလည်း ကြားနာပွဲမှာ ထွက်ဆို သွားခဲ့ပါတယ်။ ဦးအောင်ဒင်က VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ဘာကြောင့် လိုအပ်နေသလဲ ဆိုတာကို ခုလို ပြောပြသွားပါတယ်။

“မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်သွားအောင်လုပ်ရမယ်။ အခုဆိုရင် ပြည်တွင်းစစ်က ပြန်ဖြစ်ပြီ။ ပြည်တွင်းစစ်ဖြစ်တာနဲ့ တပြိုင်တည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးတော့ ပါလာတယ်။ စစ်တပ်တွေ စစ်ကြောင်းချီတဲ့နေရာမှာ အဓမ္မလုပ်အားပေး ပေါ်တာဆွဲတယ်။ ပုဂ္ဂလိကပိုင်ကားတွေကို အတင်းအဓမ္မသိမ်းပိုက်ပြီးတော့မှ စစ်ကြောင်းတွေ ချီတက်ရာမှာ သုံးတယ်။ နောက် လူတွေကို မိုင်းရှင်းဖို့အတွက် သုံးတယ်။ နောက်တခါ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒါတွေအားလုံးက ဆက်တိုက် ဆက်တိုက်ဖြစ်နေတာ။ ဆိုတော့… ဒါတွေကို ဟန့်တားဖို့အတွက် နိုင်ငံတကာကနေပြီး ထိရောက်တဲ့ ယန္တရားတခုလိုတယ်။ အဲဒါကဘာလဲ ဆိုတော့ ကုလသမဂ္ဂက ဦးဆောင်ဖွဲ့စည်းမယ့် commission inquiry ပေါ့။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ပေါ့။ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ပေါ့။ အဲဒါက အရေးတကြီးလိုအပ်တယ်။ အဲဒါရှိမှပဲ မြန်မာစစ်အုပ်စုက ဆက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်မကျူးလွန်အောင်၊ ရပ်တန့်သွားအောင် တားနိုင်မယ့် အတိုင်းအတာရှိတယ်။ ဆိုတော့..ဒါကိုလုပ်ဖို့အတွက် ကျနော်တို့က အမေရိကန်အစိုးရကို အဓိကတိုက်တွန်းပါတယ်”

US Campaign for Burma က အမှုဆောင်အရာရှိ ဦးအောင်ဒင်ဖြစ်ပါတယ်။ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံထက်မနည်းက ခုလို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရေးကို ထောက်ခံ အားပေးနေပေမဲ့ နောက်ထပ် နိုင်ငံတွေရဲ့ ထောက်ခံမှုရလာဖို့ကိုလည်း မြန်မာအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ကြိုးစားနေကြပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ အုပ်ချုပ်နေတာ မှန်ပေမဲ့ ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံစိတ်ချမှုရှိစေဖို့အတွက် ပွင့်လင်းလွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာဖို့ လိုအပ်နေသေးတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါသေးတယ်။

လွတ်လပ်တဲ့တရားစီရင်ရေးစနစ်ဟာ မြန်မာနိုင်ငံမှာ ဒီကနေ့ အရေးတကြီးကိုလိုအပ်နေပါတယ်တဲ့။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်မရှိရင် တရားဥပဒေစိုးမိုးမှုလည်း မရှိနိုင်ပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ပြည်သူတဦးတယောက်မှ လုံခြုံမှုရှိနိုင်မှာမဟုတ်ဘဲ ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေး အတွက် စစ်မှန်တဲ့ တိုးတက်မှုရှိမှာလည်း မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အခုအစိုးရက ဒီမိုကရေစီစနစ်ပေါ်ပေါက်အောင်ဆောင်ရွက်နေပါတယ်လို့ ပြောတဲ့အတိုင်း စစ်မှန်တဲ့ ဆန္ဒရှိရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေ တယောက်မှ မြန်မာနိုင်ငံမှာ ရှိမနေသင့်ပါ ဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ရှိသင့်တာဟာ ဒီမိုကရေစီဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က Video ကတဆင့် အမေရိကန်အောက်လွှတ်တော်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ခုလို လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် ပေါ်ပေါက်လာရေးအပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ တတ်နိုင်သမျှလုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့တာဖြစ်ပါတယ်။ စနေနေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ Mr. Quintana အကြံပြုထားတဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့နိုင်ရေးကို အမေရိကန်က သန္နိဋ္ဌာန်ချ ဆောင်ရွက်နေပါတယ်လို့ ပြောကြားထားပါတယ်ရှင်။

XS
SM
MD
LG