သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အမွေမှု အယူခံဝင်မည်


အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော မိခင်ဒေါ်ခင်ကြည်၏အိမ်။
အင်းလျားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသော မိခင်ဒေါ်ခင်ကြည်၏အိမ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေတဲ့ ရန်ကုန်မြို့ နေအိမ်ကို ပိုင်ဆိုင်ခွင့် အတွက် လျှောက်ထားခဲ့တဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးကို မကြာသေးခင်ကပဲ အနိုင်ပေးခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြီး အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေမှာ နိုင်ငံခြား သားတဦးအနေနဲ့ ရွှေ့ပြောင်းလို့ မရတဲ့ အရာတွေကို ပိုင်ဆိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းချက်အပေါ် အခြေခံ ပြီးတော့ လျှောက်လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို သားဖြစ်သူ ဦးအောင်ဆန်းဦးရော သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပါ တဝက်စီ ပိုင်ဆိုင်ခွင့် ရှိကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးရဲ့ ဇွန်လ ၂၂ ရက်နေ့က ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က အယူခံဝင်ဖို့ ပြင် ဆင်နေတာပါ။ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားတဲ့ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသား တယောက်ဖြစ်နေတဲ့အချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲ အမွေခွဲေ၀ ပိုင်ဆိုင်ခွင့်ဥပဒေနဲ့ မကိုက်ညီတာကြောင့် ဒီအပေါ်မှာ အယူခံဝင်သွားမှာဖြစ်တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။

“ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျနော်တို့ အယူခံ ဆက်တက်မှာပါ။ ဥပဒေအရ နိုင်ငံခြားသားတဦးဟာ မြန်မာနိုင်ငံရဲ့မြေ အပါအဝင် နေအိမ်အဆောက်အဦးတွေ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဘယ်တော့ အယူခံဝင်မယ်ဆိုတဲ့ ရက်ကို ကျိမ်းသေ မပြောနိုင်ဘူး။ တရားရုံးရဲ့ တရားဝင်မိတ္တူစာ ရပြီးမှ အယူခံတက်ရမှာပါ။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အခုလို အမိန့်ချမှတ်ချိန်ဟာ နို ဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်တွေ ထွက်ခွာနေချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ဗြိတိန်နိုင်ငံမှာ ရှိနေတာဖြစ်ပါတယ်။ ဦးအောင်ဆန်းဦးဘက် က ဒီ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄-၅၆ နေအိမ်ကို အမွေခွဲဝေပိုင်ဆိုင်ခွင့် တရားရုံးမှာ အမှုဖွင့်ထားတာဟာ အခုဆိုရင် ၁၁ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၉ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲတော်သူ ဦးခင်မောင်အေးကနေ ဒီခြံရဲ့ မြေကွက်တချို့ကို စိတ်ပိုင်း ရောင်းချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကန့်ကွက်ခဲ့ဖူး ပါသေးတယ်။

လောလောဆယ် ဥရောပခရီးစဉ် ထွက်ခွာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဇွန်လ ၂၉ ရက်နေ့မှာ သူ့ရဲ့ ဥရောပခရီးစဉ်အဆုံးသတ်ပြီး ဇွန်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG