သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်အရေး တရုတ်ကို HRW ဝေဖန်


တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကချင် စစ်ပြေးဒုက္ခသည်အချို့။

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ကနေ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးလာကြရတဲ့ ကချင်တိုင်းရင်းသား ဒုက္ခသည် တွေကို တရုတ်အစိုးရက အကာအကွယ်ပေးဖို့နဲ့ သူတို့အတွက် နိုင်ငံတကာ အကူအညီတွေ ပေး ခွင့်ပြုဖို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တခုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။ ဒုက္ခသည်တွေအပေါ် တရုတ်အစိုးရရဲ့ ပြုမူဆက်ဆံပုံဟာ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာ သဘောတူညီ ချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံက တော့ ဒီစွပ်စွဲချက်တွေ ကို ငြင်းဆန်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ကချင်ပြည်နယ်ဘက်မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နဲ့ မြန်မာအစိုးရအကြား လွန်ခဲ့တဲ့ တနှစ်ကျော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကတည်းက ဒေသခံကချင်တိုင်းရင်းသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာ၊ တရုတ်-မြန်မာ နယ်စပ်ဒေသဘက် ထွက်ပြေး ခိုလှုံကြရတာတွေ ဖြစ်နေတာပါ။ အခုဆိုရင် မြန်မာနိုင်ငံ ထဲမှာတင် ထွက်ပြေးနေကြရသူတွေသာမက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ကချင်ဒုက္ခသည် ၇,၀၀၀ ကနေ ၁၀,၀၀၀ လောက်အထိ ရှိနေပြီး သူတို့ဟာ တကယ့်ကိုဆိုးရွားတဲ့ အခြေအနေ နဲ့ ရင်ဆိုင်နေကြ ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အာရှဒေသ ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန် (Phil Robertson) က ဗွီအိုအေကို ပြောပါတယ်။

Phil Robertson ; “သူတို့တွေမှာ အစားအစာက မလုံလောက်၊ သောက်ရေကမပြည့်စုံ၊ သန့်ရှင်းရေးက မကောင်း၊ နေစရာအမိုးအကာတွေလည်း အလုံအလောက်မရှိကြပါဘူး။ သူတို့ဟာ နယ်စပ်တလျှောက် လက်လုပ် ရွက်ဖျင်တဲတွေနဲ့ ဖြစ်သလို နေနေကြရပါတယ်။ ကံမကောင်းစွာပဲ သူတို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အကူအညီတွေ ပေးခွင့် မရပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို အကူအညီပေးဖို့ တရုတ်အစိုးရက ခွင့်မပြုပါဘူး။ ဒါဟာ တရုတ်အစိုးရက သဘောတူ လက်မှတ်ရေးထိုး ထားတဲ့ ၁၉၅၁ ခုနှစ်၊ ဒုက္ခသည်များ ဆိုင်ရာ သဘောတူညီချက်မှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေကို သိသိသာသာ ချိုးဖောက်တာပါပဲ။”

ဒုက္ခသည်တချို့ဆိုရင် အဖမ်းခံရတာ၊ တရုတ်နိုင်ငံထဲ ၀င်ရောက် ခိုလှုံခွင့်မပြုတာ ဒါမှမဟုတ် မြန်မာနိုင်ငံ ထဲက ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဆီ အတင်းအကျပ် ပြန်မောင်းထုတ် တာတွေတောင်မှ ခံရတယ်လို့ HRW ရဲ့ အစီရင်ခံစာအသစ်ထဲမှာ ဖော်ပြထားပါတယ်။ HRW အဖွဲ့ရဲ့ ဒီစွပ်စွဲချက်တွေကို တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ငြင်းဆန်ပြီး ဒီလူတွေဟာ ဒုက္ခသည်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

Hong Lei; “ဒီလို ပြောဆိုတာတွေဟာ မမှန်ပါဘူး။ ဒီနှစ်အတွင်း မြန်မာအစိုးရ စစ်တပ်ဟာ လူနည်းစု လက်နက် ကိုင်အဖွဲ့တွေနဲ့ ကြိုးကြား တိုက်ပွဲတွေ ပုံမှန်လိုဖြစ်ခဲ့ပါတယ်။ လုံခြုံရေးအတွက် မြန်မာနိုင်ငံက တချို့လူတွေဟာ တရုတ်နိုင်ငံထဲ ၀င်လာပြီး မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေဆီမှာ ခိုလှုံ နေထိုင် ခဲ့ကြ ပါတယ်။ အဲဒီလူတွေဟာ ဒုက္ခသည်တွေ မဟုတ်ပါဘူး။ တိုက်ပွဲတွေပြီးတဲ့အခါ သူတို့ဟာ မြန်မာနိုင်ငံထဲ ပြန် သွားကြပါတယ်။ တရုတ်နိုင်ငံထဲမှာ ရှိနေတဲ့အချိန်အတွင်း လူသားချင်း စာနာမှုနဲ့ တရုတ်အစိုးရက သူတို့ကို အကူအညီပေးခဲ့ပါတယ်။”

တရုတ်အစိုးရက လောလောဆည်မှာ ဒုက္ခသည်အတော်များများကို ခိုလှုံခွင့် ပြုထားတဲ့အတွက်တော့ HRW က အသိအမှတ် ပြုပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေကို ဘာ အကူအညီ အထောက်အပံ့မှ မပေးတဲ့ အတွက်တော့ ဝေဖန် ပြစ်တင်ပါတယ်။

ဒုက္ခသည်တွေဟာ တခါတလေ နိုင်ငံတကာ အကူအညီ အနည်းအကျဉ်းနဲ့ ဒေသတွင်း ကချင် ခရစ်ယာန် ဘုရားကျောင်းတွေရဲ့ အကူအညီတွေကို ကချင် လူမှုအဖွဲ့အစည်းတွေ ကနေတဆင့် ရနေတယ်လို့ ဖီလ် ရောဘတ်ဆန်က ပြောပါတယ်။ ဒါပေမဲ့လည်း နည်းနည်းချင်းပဲ ရနေတာဖြစ်ပြီး ဒုက္ခသည်တွေ လိုအပ်နေသလောက် မရဘူးလို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူအညီ ပေးနိုင်ဖို့အတွက် တရုတ်အစိုးရကို တိုက်တွန်း တောင်းဆိုတာပါ။

Phil Robertson ; “တရုတ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို တိုးချဲ့ပြီးတော့ အကာအကွယ် ပေးသင့်ပါတယ်။ ဒုက္ခသည်တွေဆီ UNHCR ကို သွားခွင့် ပြုသင့်ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ပြင်ဆင် သင့် ပါတယ်။ ဒုက္ခသည် တွေအပေါ် မတရား သဖြင့် လုပ်နေတာတွေ ရပ်တန့်သွားအောင် လုပ်ဆောင် သင့်ပါ တယ်။”

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ HRW က အာရှဒေသ ဌာနခွဲ၊ ဒုတိယ ညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန် ပါ။

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့ပြီးကာမှ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေးအပေါ် သဘော မတူ ခဲ့တာကြောင့် KIA နဲ့ မြန်မာ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ တနှစ်ကျော်ကြာ တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ အချိန်အတွင်း စစ်ဘေး ဒဏ်သင့် ကချင်တိုင်းရင်းသား ၆၀,၀၀၀ လောက် အထိ ရှိနေပြီ လို့ဆိုပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်အဖွဲ့တို့ အကြား တွေ့ဆုံ ဆွေးနွေး တာတွေ ရှိခဲ့ပေမဲ့လည်း ခုချိန်ထိတော့ ခိုင်မာတဲ့ သဘောတူညီချက် တခုမှ မရသေးပါဘူး ခင်ဗျား။

XS
SM
MD
LG