သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNHCR ဝန်ထမ်းတွေ ရခိုင်ပြည်နယ်မှာ ပြန်လည်တာဝန်ထမ်းဆောင်

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဇွန်လ (၂၉) ရက်နေ့က စပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာ မင်းကြီးရုံး (UNHCR) ဝန်ထမ်းတွေရဲ့ တဝက်လောက်ဟာ တာဝန်တွေ ပြန်ပြီး ထမ်းဆောင်နေပြီလို့ ဂျနီဗာမြို့ UNHCR ရုံးချုပ်က ပြောရေးဆိုခွင့်ရှိသူ အေဒရီယင် အက်ဒ်ဝပ်စ် (Adrian Edwards) က မနေ့က ပြောကြားလိုက်ပါတယ်။

အကြမ်းဘက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူ ထောင်ပေါင်းများစွာ ရှိနေတဲ့ ဒီဒေသမှာ ဇွန်လ (၂၀) ရက်နေ့က စပြီး UNHCR ဝန်ထမ်းတစ်ဖွဲ့ ဟာ အလုပ်တွေလုပ်နေပြီလို့လည်း သူက ပြော ပါတယ်။ မြန်မာအစိုးရ၊ UNHCR ၊ NGO တွေနဲ့ အလှူရှင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းမှာ အတူတကွ နှစ်ရက် သို့မဟုတ် သုံးရက် ဒုက္ခသည်စခန်းတွေဆီ ခရီးလှည့်ကြ မှာ ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး စခန်းတွေဆီ UNHCR အဖွဲ့တွေ ရောက်ရှိခဲ့ပြီးတော့ အဲဒီကနေ တဆင့် ဒုက္ခသည်စခန်းပေါင်း (၃၀) က လူဦးရေ ၅ ထောင်လောက်ကို စောင်တွေ၊ ခြင်ထောင်တွေ၊ တာပေါ်လင်စတွေ၊ အိုးခွက်တွေ ပေးဝေခဲ့ပြီးပြီလို့လည်း မစ္စတာ အက်ဒ်ဝပ်က ပြောပါတယ်။

ရှေ့သီတင်းပတ်အစောပိုင်းမှာ လူပေါင်း ၃ သောင်း ၅ ထောင် အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ စစ်တွေမြို့ကို ရောက်ရှိလာမယ်လို့လည်း မစ္စတာ အက်ဒ်ဝပ်က ဆိုပါတယ်။ မိုးသည်းထန်စွာ ရွာလာတဲ့ အချိန်မှာ သောက်သုံးရေပေးဝေနိုင်မှု မလွယ်ကူတာနဲ့ အညစ်အကြေးစွန့်တဲ့စနစ် မကောင်းမွန်တာကြောင့် ဒုက္ခသည်စခန်းတွေထဲမှာ ကူးစက်ရောဂါ တွေ ဖြစ်ပွားလာမှာကို UNHCR က စိုးရိမ်နေပါတယ်။

လောလောဆယ်မှာတော့ ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ဒုက္ခသည်ပေါင်း ၉ သောင်း၊ ၂ ထောင် အတွက် ဆန်တန်ချိန် ၁,၀၀၀ နဲ့ အခြား စားသောက် ကုန်ပစ္စည်းတွေ တန်ချိန် (၄၄၀)ကို စစ်တွေမြို့ကို ပေးပို့ခဲ့ပြီးပြီလို့ WFP ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဲလစ္စဘက်ဘိုင်ယာစ် (Elisabeth Byrs)က ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG