သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယမှာ လူ ၈၀ ခန့်သေ


India နိုင်ငံအရှေ့ပိုင်းမှာ မုတ်သုန်မိုးရွာသွန်းမှုကြောင့် ရေကြီးပြီး ၇၉ ယောက်ထက်မနည်း သေဆုံးပြီး ၂ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အာသံပြည်နယ်မှာ ဗြဟ္မာ့ပုတ္တရမြစ် (Brahmaputra) ရေလျှံခဲ့တဲ့ အတွက် တချို့ရွာလုံးကျွတ် ရေအောက်ရောက်ခဲ့ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ စစ်တပ် ကိုလည်း ဖြန့်ချထားပါတယ်။

ဂူဝါဟာတီမြို့ (Guwahati) တမြို့လုံးနီးပါးမှာ အစားအသောက်တွေ၊ သောက်ရေတွေ၊ ဆေးဝါးတွေကို အကူအညီပေးနေတယ်လို့ ဗိုလ်မှူး RN Nair က သတင်းထောက်တွေကို ပြောပါတယ်။ သောင်တင်နေတဲ့ ဒုက္ခသည်တွေကို ရဟတ်ယာဉ်တွေပေါ်ကနေ အစားအသောက် အထုတ်တွေ ကြဲချပေးတယ်လို့လည်း သူကပြောပါတယ်။

လတ်တလောနှစ်တွေအတွင်း အဆိုးဆုံး ရေကြီးမှုကို အာသံပြည်နယ်က ပြည်သူတွေ ရင်ဆိုင်နေကြရတယ် လို့ ရေလွှမ်းခံရတဲ့ ဒေသတွေဆီ သွားကြည့်ခဲ့တဲ့ ဝန်ကြီးချုပ် Manmohan Singh က ပြောပါတယ်။ ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြသူပေါင်း ၅ သိန်းထက်မနည်း ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ဆရာဝန်တွေကလည်း ရွှေ့ပြောင်းဆေးခန်းတွေဖွင့်လှစ်ပြီး ဒုက္ခသည်တွေကို ကုသပေးနေသလို ရေကြောင့်ဖြစ်တဲ့ ရောဂါတွေ ပျံ့နှံဖြစ်ပွားမှုကို ကာကွယ်ဖို့လည်း ကြိုးစားနေကြပါတယ်။

ဦးချိုတချောင်းတည်းရှိတဲ့ ကြံ့ကြီးတွေကြောင့် ကျော်ကြားတဲ့ အာသံ Kaziranga အမျိုးသားဥယာဉ် လည်း ရေမြုပ်ခဲ့လို့ တိရစ္ဆာန်တွေဟာ ရေလွတ်ရာ ကုန်းမြင့်ပေါ်ပြောင်းနေကြရပါတယ်။ လက်ဖက်စိုက်တောင်ကုန်းတွေကြောင့် လူသိများတဲ့ အာသံပြည်နယ်မှာ အရင်နှစ်တွေထက် နည်းတဲ့ မိုးကြောင့် လယ်ယာထွက်ကုန်တွေ လျော့နည်းမှာကို စိုးရိမ်နေကြချိန်မှာ ခုလို ရေကြီးတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG