သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားက စစ်ရေးအကြမ်းဖက်မှုတွေရပ်ဖို့ ကုလပြော


ဆီးရီးယားနိုင်ငံမှာ ပဋိပက္ခဖြစ်နေတဲ့ ဘက် နှစ်ဘက်လုံးကို လက်နက်တပ်ဆင်ပေးတာဟာ အကြမ်းဖက်မှုကို ပိုဆိုးအောင်လုပ်တာ ဖြစ်ပြီးတော့ ဒီလိုလုပ်ရပ်မျိုးကို ရှောင်ကျဉ်ရလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ နာဗီပီလေးက ပြောပါတယ်။

တနင်္လာနေ့က နယူးယောက်ခ်မြို့မှာ မစ္စ် နာဗီပီလေးက ပြောဆိုရာမှာ ဆီးရီးယားအစိုးရနဲ့ အစိုးရ ဆန့်ကျင်သူ နှစ်ဘက်စလုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ ပြောပါတယ်။ သမ္မတ ဘက်ရှာ၊ အယ်လ် အာဆဒ်ရဲ့တပ်ဖွဲ့တွေဟာ အရပ်သားတွေကို ပစ်ခတ်၊ နှိပ်စက်၊ ညှင်းပန်း၊ မုဒိမ်းကျင့်မှုတွေကို ကျူးလွန်ခဲ့ပြီး အတိုက်အခံတွေကို ထောက်ခံသူတွေ အသက်ဆုံးအောင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရတပ်တွေဟာ ဆေးရုံတွေကိုပါ ပစ်ခတ်တိုက်ခိုက်တယ်လို့ မစ္စ်ပီလေးက ပြောပါတယ်။ ဆီးရီးယား အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကို နိုင်ငံထဲဝင်ပြီး စုံစမ်းစစ်ဆေးခွင့် ပေးသင့်တယ်လို့ လည်း ပြောပါတယ်။ ဆီးရီးယားမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုနဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုဖြစ်ရတာတွေဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက်ဖြစ်တယ်လို့ ဆီးရီးယားသမ္မတ ဘက်ရှာ၊ အယ်လ် အာဆဒ်က ပြစ်တင် ပြောဆိုပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေက ကာတန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက အတိုက်အခံတွေကို လက်နက်ထောက်ပံ့မှု ပေးတယ်လို့ ပြောဆိုပြီးတော့ သမ္မတအာဆဒ်ကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကျောထောက် နောက်ခံပေးနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

တူရကီအစိုးရသတင်းစာတွေအဆိုအရ ဆီးရီးယားဗိုလ်ချုပ် တဦးအပါအဝင် တပ်ဖွဲ့ဝင် ၈၅ ယောက် တူရကီနိုင်ငံထဲကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ အသွင်ကူးပြောင်းရေးအစိုးရ တရပ်ရှိရေး နိုင်ငံတကာရဲ့အစီအစဉ်ဟာ စစ်တပ်အပါအဝင် ဆီးရီးယားပြည်သူတွေကို ကျေနပ်စေဖို့ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Victoria Nuland ကပြောလိုက်ပါတယ်။

XS
SM
MD
LG