သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNICEF ချစ်ကြည်ရေးအထူးသံ Jackie Chan မြန်မာနိုင်ငံ ဒီသီတင်းပတ်သွားမည်


မြန်မာနိုင်ငံ၊ ပြည်သူလူထုနဲ့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ချစ်ကြည်ရေးသံတမန်အဖြစ် မြန်မာနိုင်ငံကို ဒီသီတင်းပတ်ထဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက ကလေးငယ်တွေ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး သွားမှာဖြစ်တယ်လို့ မင်းသားကြီးဂျက်ကီချဲန်းက ဆိုပါတယ်။ အကြောင်းစုံကိုတော့ UNICEF ကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ကျနော်ရုပ်ရှင်ရိုက်တဲ့အခါ ကလေးသူငယ်တွေအရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ ကိစ္စရပ် အတော်များများကို အလေးပေးရိုက်ကူးပါတယ်။ ဒါကြောင့် ဂျက်ကီချန်းရဲ့ ရုပ်ရှင်ကို ကြည့်တဲ့အခါ အဓိပ္ပာယ်အမျိုးမျိုး ဖော်ညွှန်းထားတာ တွေ့ရမှာပါ။ နှစ်ပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ ယဉ်ကျေး မှု၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသဖြင့်တို့ကို အလေးပေးထားတာမို့ ရုပ်ရှင်ပရိတ်သတ် အားလုံးနားလည်သဘောပေါက်ကြလိမ့်မယ် - လို့ မျှော်လင့်တဲ့အကြောင်း ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချန်းက သူ့ရဲ့ facebook မှာ အခုလို ပြောကြားထားတာပါ။ အသက် ၅၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ တရုတ်သိုင်း ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ၂၀၀၄ ခုနှစ်ကစလို့ ကုလသမဂ္ဂ UNICEF ချစ်ကြည်ရေးသံတမန်အဖြစ် ကလေးများအခွင့်အရေးအတွက် ကြိုးပမ်းပေးခဲ့သူ ဖြစ်တဲ့အတိုင်း ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

Peter Smerdon ဟာ UNICEF ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

“ကမ္ဘာကျော် အနုပညာရှင် ဂျက်ကီချန်းဟာ ကုလသမဂ္ဂ ချစ်ကြည်ရေးသံတမန်တဦး အဖြစ်နဲ့ မြန်မာနိုင်ငံ ကို ဇူလိုင်လ ၅ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်း လူကုန်ကူးမှုဒဏ် ခံရပြီးတော့ လက်ရှိမှာ ပြန်လည်နာလံထူလာဖို့ ကြိုးစားနေကြတဲ့ ကလေးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ နှစ်စဉ် ကလေးငယ်ပေါင်း ၁.၂ သန်းဟာ လူကုန်ကူးမှုဒဏ် ခံနေရပြီးတော့ အဲဒီဒဏ်ဟာ ကလေးတွေကို အတော်ကလေး စိတ်ဝေဒနာ ခံစားစေတာဖြစ်ပါတယ်။”

သူ့ရဲ့ခရီးစဉ်အတွင်း ဂျက်ကီချဲန်းဟာ ရောင်းစားခံခဲ့ရပြီး နေအိမ်ပြန်ရောက်လာတဲ့ ကလေးသူငယ်တွေ အသက်မွေးဝမ်းကျောင်းအတွက် တက်တဲ့ သင်တန်းတွေကိုလည်း သွားရောက်ကြည့်ရှုမယ့် အပြင် ရောင်းစားခံရဖွယ် အန္တရာယ်ရှိတဲ့မိဘမဲ့ ကလေးငယ်တွေ၊ လေလွင့်ကလေးငယ်တွေကို UNICEF အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတချို့ကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြန်မာအစိုးရ အရာရှိတွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ မစ္စတာ Peter Smerdon က ပြောပါတယ်။

“ဂျက်ကီချဲန်းဟာ လူကုန်ကူးမှုခံရတဲ့ ကလေးငယ်တွေနဲ့သာ မကပါဘူး။ လူကုန်ကူးမှုကို ထိရောက်အောင် ဘယ်လို တိုက်ဖျက်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း လူမှုဖူလုံရေး၊ ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစိုးရအရာရှိတွေအပြင် မန္တလေးမှာရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။”

အရွယ်မရောက်သေးသူတွေရဲ့ လုပ်အားကို အသုံးပြုမှုအတွက် ကလေးသူငယ်တွေကို လူကုန်ကူးတာဟာ လူမဆန်တဲ့ ရာဇဝတ်ပြစ်မှုကြီးဖြစ်တယ်လို့လည်း ဂျက်ကီချဲန်းက ခံယူထားတဲ့အတိုင်း သူ့ရဲ့ ခရီးစဉ်အတွင်း ကလေးသူငယ်တွေ လူကုန်ကူးမခံရလေအောင် နိုးကြားမှုရှိစေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

UNICEF ပြောခွင့်ရ မစ္စတာ Peter Smerdon က-

“ကလေးတွေဟာ ရောင်းကုန်တွေ မဟုတ်ကြဘူးဆိုတဲ့အချက်နဲ့ ဒီလို ဆိုးဝါးလှတဲ့ ရာဇဝတ်မှုကို ဝိုင်းဝန်း တိုက်ဖျက်ကြဖို့ နိုးကြားမှုရှိဖို့လိုတယ်ဆိုတာ သူ့ခံယူချက်ဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ကိုယ် သူတို့ ရောင်းစားခံရတဲ့ဘဝမရောက်အောင် အကာအကွယ်ယူတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လုူတွေကို မယုံကြဖို့၊ တဘက်နိုင်ငံမှာ အလုပ်အကိုင်ကောင်းရမယ်ဆိုတဲ့ မက်လုံးတွေကို အယုံမလွယ်ဖို့၊ ကိုယ်မသိတဲ့နေရာကို မသွားဖို့၊ ကိုယ့်နာမည်၊ ကိုယ့်အသက်၊ ကိုယ့်မိဘ၊ ကိုယ့်လိပ်စာကို သိဖို့၊ ဒါမှလည်း လူကုန်ကူးမှု မခံရအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ၂၀၁၂ ခုအတွက် အဆင့် ၂ ဖြစ်တဲ့ Watch List စောင့်ကြည့်ခံနိုင်ငံအဆင့်မှာ သတ်မှတ်ထားပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုနဲ့ လိင်လုပ်ငန်းတွေမှာ အသုံးပြုခံရဖို့ အိမ်နီးချင်းနိုင်ငံတွေမှာ ရောင်းစားခံနေကြရတယ်လို့ ဖော်ပြထားပါတယ်။

ကလေးလုပ်အားအသုံးပြုမှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ကလေး စစ်သားတွေအသုံးပြုမှု၊ အိမ်တွင်းလုပ်ငန်းတွေ၊ စိုက်ပျိုးခင်းတွေမှာနဲ့ တောင်းစားတဲ့ဘဝမှာ အသုံးပြု ခံနေကြရတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ UNICEF ချစ်ကြည်ရေးအထူးသံ ဂျက်ကီချဲန်းအနေနဲ့ သူ့ရဲ့ သတ္တိနဲ့ ဟာသနှောထားတဲ့ လူကြိုက်များလှတဲ့ သိုင်း ရုပ်ရှင်ကားတွေကတဆင့် သူ့အပေါ် လူငယ်တွေရဲ့အားကျမှုကို အခြေပြုပြီး အရွယ်မရောက်သေးသူတွေ လူကုန်ကူး မခံရလေအောင် မျိုးဆက်သစ်တွေကြား နိုးကြားမှုရရှိစေဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ် တယ် လို့လည်း သိရပါတယ်ရှင်။

XS
SM
MD
LG