သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ AI တိုက်တွန်း


မြန်မာအစိုးရက အကျဉ်းသား အယောက် ၈၀ ကို ပြန်လွှတ်ပေးလိုက်တဲ့ ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပါလာတဲ့အပေါ် အများစုက ကြိုဆိုကြပါ တယ်။ တချိန်ထဲမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိုလည်း လွှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်နေတဲ့အချိန်ကာလမှာ အားလုံးရဲ့ အင်အားတွေကိုယူပြီး လုပ်ဆောင်သင့်တာမို့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး ဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ဖို့အတွက်၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက်၊ နိုင်ငံရေးလုပ်ငန်းစဉ် တွေမှာ အားလုံးပါဝင်နိုင်ခွင့်ရှိစေဖို့အတွက်၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးတဲ့အနေနဲ့ဆိုပြီး အခြေခံဥပဒေပါပုဒ်မ ၂၀၄ (က) နဲ့ အညီ နိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ နိုင်ငံသားအကျဉ်းသူ ၉ ဦးတို့အပြင် နိုင်ငံခြားသားအကျဉ်းသား ၃၄ ဦးတို့ ကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တာပါ။

လွှတ်ပေးလိုက်တဲ့ နိုင်ငံသား ၄၆ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ပြန်ပါလာပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်း သားတချို့လည်း ပြန်လွတ် လာပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေဖို့ ဆိုတဲ့ အတွက် အားလုံးကို ပြန်လွှတ်ပေးသင့်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြန်လွတ်လာသူတွေကို ကြိုဆိုတဲ့အချိန်မှာ ပြောခဲ့ပါတယ်။

“ဒီလူတွေဘယ်လိုအကြောင်းနဲ့မ ှထောင်ထဲမှာ မထားသင့်တော့ဘူး။ ကြာရင် လူတွေရဲ့စိတ်မှာ စိတ် အနာတရဖြစ်သွားရင် မကောင်းဘူး။ ကျနော်တို့က ဘယ်လောက်ပဲခံခဲ့ရပါစေ၊ အဲဒါတွေကိုမေ့ထားပြီး အနာဂတ်ကိုကြည့်မယ်လို့ ကျနော်တို့ဆုံးဖြတ်ထားတယ်။ အဲဒီအပေါ်မှာ နောက် လူတွေကိုလည်း စိတ်အနာတရမဖြစ်စေချင်ဘူး။ တိုင်းပြည်တည်ဆောက်ရေးအတွက် ဒီအင်အားတွေကို ချက်ခြင်းအပြင်ကို ထွက်စေချင်ပြီ။ သူတို့ ပြန်လည်ထူထောင်ရေးတွေလည်း လုပ်ရအုံးမယ်။ အထဲမှာ အားလုံးက ညောင်းပြီး ပင်ပန်းလာကြတာ။”

အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ အခုလိုလွှတ်ပေးတာကို ကြိုဆိုသလို အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

“မြန်မာနိုင်ငံမှာ အခုလို ပြန်လွှတ်ပေးလိုက်တာကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြိုဆိုပါ တယ်။ ဒါပေမဲ့ တခြားကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တိုက်တွန်း ပါတယ်။”

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမား (T Kumar) ပါ။

ထင်ရှားသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား အတော်များများကို ဒီနှစ် နှစ်ဆန်းပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပြီးချိန်ကတည်းကဆိုရင် အခု လွှတ်ပေး တာဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတော့မယ် ဆိုတဲ့ သတင်းတွေက ထွက်နေခဲ့တာပါ။ ဒါပေမဲ့လည်း အားလုံး ပါမလာတဲ့ အတွက်တော့ ပြန်လွတ်လာသူတဦးကိုယ်တိုင်က မပျော်ရွှင်လှပါဘူး။

“လုံး၀ ဝမ်းသာစရာအကြောင်းမရှိဘူး၊ တကယ်ဆို အရပ်သားအစိုးရတက်လာကတည်းက ကျနော်တို့ နောက်နေ့မှာ ထောင်ပြင်ကို ရောက်နေရမယ့် လူဗျ။ ထောင်ထဲမှာ နေစရာအကြောင်းကို မရှိဘူး။ အခုကျန်နေတဲ့ လူတွေ အားလုံးကိုလည်း တကယ်ဆို အနာကျက်အောင် ကုတာလား၊ အနာရင်းအောင် လုပ်တာလား၊ အနာကျက်အောင်ကုတယ်ဆိုရင် ဒီပုံစံတွေ မကောင်းဘူး။ အကုန်လုံး လွှတ်ပေးရမှာ။ ဒီနေ့ကို ချက်ချင်း လွှတ်ပေးရမယ် အကုန်လုံးကို။”

ပြန်လွတ်လာတဲ့ထဲက တယောက်ဖြစ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမြင့်ကြိုင်ပါ။

အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတယောက်ပဲဖြစ်ဖြစ် ကျန်နေသေး သရွေ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် မပြီးဆုံးနိုင်ဘူး လို့ ဆိုထားကြတာပါ။ ထင်ရှားသူတွေ အများအပြားကို ပြန်လွှတ်ပေးခဲ့ပီးတဲ့နောက်ပိုင်းမှာလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် နိုင်ငံတကာရဲ့ ဖိအားပေးတောင်းဆိုချက်တွေက အားပျော့သွားခဲ့တယ်လို့ ဆိုရမှာပါ။

တချိန်တုန်းက လက်နက်ကိုင်ပြီး အစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေပြင်ပက တရားမဝင် အဖွဲ့အစည်းတွေလို့ဆိုတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တွေ့ဆုံ ဆွေးနွေးတာတွေ၊ သဘောတူညီချက်ယူတာတွေတောင်မှ ရှိလာနေပြီဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက် လို့ ထောင်ချခံထားရသူတွေ၊ နိုင်ငံရေးနဲ့ဆက်စပ်ပေမဲ့ တခြားပုဒ်မ အမျိုးမျိုးနဲ့ ထောင်ချခံ ထားရသူတွေ အားလုံး ပြန်လွတ်လာဖို့ ဆက်လုပ်သွားပါမယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။

“အဓိက ကတော့ဗျာ၊ တိုင်းပြည်မှာ တကယ်တည်ဆောက်ရေးအတွက် လုပ်အားရှင်တွေ လိုပါတယ်။ နိုင်ငံရေး အတွက် ကိုယ့် ယုံကြည်ချက်အတွက် ကြိုးစားကြရင်းနဲ့ အမှုကတော့ မျိုးစုံ ခေါင်းစဉ်တပ်လို့ ရတာပေါ့။ လက်နက်မှုနဲ့ နောက်ဆုံးတပ်လို့ရတယ်။ မတရားသင်းနဲ့ဆက်သွယ်တယ် ဆိုပြီး တပ်လို့ ရတယ်။ ခုတချိန်က မတရားသင်းလို့ သူတို့ ကြေညာထားတဲ့သူတွေက အခုအစိုးရနဲ့ အဆင်ပြေပြီးတော့ တရားဝင်လည်း ဖြစ်နေပြီဗျာ။ အဲလိုအချိန်မျိုးမှာ သူတို့နဲ့ ပတ်သက်ထားတဲ့လူတွေက ဘယ်လိုနည်းနဲ့မှ မကျန်သင့်တော့ဘူးပေါ့နော်။ ကျနော်တို့ အဲဒါကို အားစိုက်ခွန်စိုက် ဆက်ပြီးတော့ ကြိုးစားပါ့မယ်။”

နိုင်ငံရေးအကျဉ်းသားဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ ကွဲပြားချက်တွေ ရှိနေတာကြောင့်လည်း နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို ပြောတဲ့နေရာမှာ ကွဲလွဲချက်တွေရှိနေတာဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ကျန်သေးတယ်လို့ ပြောထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၃၅၀ လောက် ကျန်သေးတယ်လို့ ပြောထားပါတယ်ခင်ဗျား။

XS
SM
MD
LG