သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတိုက်လေယာဉ် ပစ်ချခံရမှု ဆီးရီးယားတောင်းပန်


တူရကီစစ်တပ်က တိုက်လေယာဉ် တစင်းကို ပြီးခဲ့တဲ့လထဲမှာ ပစ်ချခဲ့တာအတွက် ဆီးရီးယား သမ္မတ Bashar al-Assad က စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောဆိုတဲ့အကြောင်း တူရကီ သတင်းစာ တစောင်က ကိုးကား ဖော်ပြလိုက်ပါတယ်။ အရင်တုန်းက အစ္စရေးလ် နိုင်ငံက အသုံးပြုလေ့ရှိတဲ့ လေယာဉ်အမျိုးအစားက ဆီးရီးယား လေကြောင်း ပိုင်နက်ထဲကို ဝင်လာရာက ပစ်ခတ်မှု ဖြစ်ခဲ့တာ လို့လည်း သမ္မတ အာဆတ် ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အင်္ဂါနေ့ထုတ် Cumhuriyet သတင်းစာက ဖော်ပြလိုက်တာပါ။

တူရကီ နိုင်ငံကတော့ လေယာဉ်ဟာ ဆီးရီးယား လေကြောင်းပိုင်နက်ထဲ မတော်တဆ ဝင်မိပြီး ဇွန်လ ၂၂ ရက်နေ့က ပစ်ချမခံရမီ အချိန်မှာ နိုင်ငံတကာ လေပိုင်နက်ထဲ ရောက်နေပြီလို့ ပြောနေတာ ဖြစ်ပါတယ်။ တူရကီနိုင်ငံဘက်က ပြောဆိုချက်ဟာ မှန်တယ်ဆိုရင် သူ့အနေနဲ့ တောင်းပန်ဖို့ ဝန်မလေးဘူးလို့ ဆီးရီးယား သမ္မတက ပြောတဲ့ အကြောင်းကိုလည်း သတင်းစာက ကိုးကားဖော်ပြထားတာပါ။ တူရကီနဲ့ ဆီးရီးယားကြား တင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ အပေါ်မှာတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လောက်တဲ့ အခြေအနေအထိ မရှိဘူးလို့လည်း ပြောသွားပါတယ်။ တူရကီ နိုင်ငံကတော့ နယ်စပ်ဒေသမှာ ကာကွယ်ရေးအင်အား တိုးမြှင့် ချထားနေတာဖြစ်ပြီး၊ ဆီးရီးယား သမ္မတကတော့ သူ့ဘက်က တူရကီလို မလုပ်ဘူးလို့ ပြောခဲ့တာကိုလည်း သတင်းစာက ရေးသားထားတာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကတော့ ဆီးရီးယား နိုင်ငံတဝှမ်းမှာ ရှိတဲ့ ထိန်းသိမ်းရေးစခန်း ၂၇ ခုမှာ ဖမ်းဆီးထားသူတွေကို ညှင်းပမ်း နှိပ်စက်မှုတွေ ရှိနေတယ်ဆိုပြီး ဒီကနေ့ မှာပဲ အစီရင်ခံစာသစ် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG