သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ အလုပ်ဖြုတ်ခံရ


မကြာသေးခင်လတွေအတွင်းက မြန်မာနိုင်ငံ ရန်ကုန်၊ စက်မှုဇုန်သီးသီးမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး တဲ့နောက် အလုပ်အထုတ်ခံရသူတွေ များလာတဲ့အတွက် အလုပ်သမားရေးကို ဖြေရှင်းတဲ့အခါမှာ အလုပ်သမား ဝန်ကြီးဌာနရဲ့ ဖြေရှင်းမှု နည်းလမ်းဟာ အားနည်းချက်တွေရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် သူတွေက ထောက်ပြကြပါတယ်။ အခုနောက်ဆုံး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မေလနဲ့ဇွန်လအတွင်း မြန်မာနိုင်ငံစက်မှုဇုန် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပြီးတဲ့နောက်မှာတော့ ဆန္ဒပြမှုမှာ ပါဝင် ဦးဆောင်တဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်မှုတွေ လှိုင်သာယာ စက်မှုဇုန် ၄ မှာဖြစ်ခဲ့ပါ တယ်။

အလုပ်သမားအရေး ဦးဆောင်နေသူ ဦးဌေးက လှိုင်သာယာ စက်မှုဇုန်ထဲမှာတင် စက်ရုံ ၃ ရုံက အလုပ် သမားတွေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်ခံနေရတယ်လို့ ဆိုပါတယ်။

“အလုပ်သမားတွေကတော့ အခု စက်ရုံအလုပ်ရုံ ကိစ္စတွေ ဖြေရှင်းမှုနောက်ပိုင်းမှာ ပိုင်ရှင်ဘက်က အလုပ် ထုတ်တာတချို့ ရှိတယ်ပေါ့ဗျာ။ အဲဒါတွေတော့ မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ကျနော်တို့ တင်ခိုင်းထား တယ်ပေါ့။ ပထမဆုံး အစောပိုင်းက ထုတ်တာကတော့ ဦးမြအောင်ပေ့ါဗျာ။ သူက ခွင့်မဲ့ပျက်ကွက်တယ် ဆိုပြီးတော့ နေမကောင်းတာကို ခွင့်မပေးဘဲနဲ့ ထုတ်ပစ်လိုက်တာ။ နောက် ထပ်ကတော့ ထွန်းပိုင် ဘလောက်တုံး စက်ရုံ။ ထွန်းပိုင် ဘလောက်တုံးစက်ရုံက ပြီးခဲ့တဲ့ သပိတ်မှောက်တုန်းက ခေါင်းဆောင်ကို သူက အလုပ်ခန့်ထားရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးလို့ ဆိုပြီးတော့ အလုပ်ထုတ်လိုက်တယ်။ အဲဒါကတော့ ၅ ရက်နေ့ ချိန်းထားပါတယ်။ နောက်တခုကတော့ အအေးခန်းစက်ရုံပေါ့။ အအေးခန်းမှာ လည်း ပြီးခဲ့တဲ့သပိတ်မှောက်တုန်းက အလုပ်သမားပဲ။ အဲလိုပဲ အလုပ်ထုတ်ပစ်လိုက်တာ။”

လှိုင်သာယာ စက်မှုဇုန် (၁)၊ တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ၄၀ ကျော်ကိုတော့ အသက် မပြည့်လို့ ထုတ်ပစ်လိုက်ရကြောင်း အလုပ်ရှင်နဲ့အလုပ်သမား ဖြန်ဖြေရေး ကိစ္စတွေ ဆောင်ရွက်ေပေးနေတဲ့ အလုပ်သမားဥပဒေ စိစစ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေး မှူးချုပ် ဦးဝင်းရှိန်က ဆိုပါတယ်။ ဒါပေမဲ့လည်း အလုပ်ထုတ်ပစ်မှုဟာ အလုပ်သမားဥပဒေပါ အချက်အလက်တွေအတိုင်း မဟုတ်တဲ့ အကြောင်း ဦးဌေးက ဆိုပါတယ်။

“ဥပဒေအရတော့ အလုပ်ရုံဥပဒေမှာပါတယ်။ ၁၃ နှစ်အောက်ကတော့ လုပ်ပိုင်ခွင့်မရှိဘူးပေါ့။ ၁၃ နှစ် အထက်နဲ့ ၁၈ နှစ်ကြားကဟာတွေ တာဝန်ခံဆရာဝန်က လက်မှတ်ထုတ်ပေးထားရင် ခန့်ပိုင်ခွင့်ရှိတယ်။ သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ။ အကယ်၍ ကလေးတွေကို အလုပ်ထုတ်ဖို့ ဥပဒေမှာ မပါဘူးဗျ။ ဥပဒေမှာတော့ တာဝန်ခံ ဆရာဝန်က လက်မှတ်ထုတ်ပေးရတယ်။ လက်မှတ်ထုတ်ပေးရင် သက်ဆိုင်ရာ အလုပ်သမားကလည်း ကိုင် ထားရတယ်။ စက်ရုံမှာလည်း ကလေးအလုပ်သမားတွေခိုင်းမယ်ဆိုရင် အများမြင်သာတဲ့နေရာမှာ ဘယ်နှစ်ယောက်ခိုင်းတယ်၊ ဘယ်လိုအလုပ်မျိုး၊ ဘယ်လိုအခြေအနေမှာ အလုပ်ချိန်တွေကအစ အများမြင် သာအောင် ကပ်ထားပေးရတယ်။ ဒါ အလုပ်ရုံ ဥပဒေမှာပါတယ်။

အကယ်၍ အဲဒါကို မလိုက်နာရင် အရေးယူရမှာက အလုပ်ရုံပိုင်ရှင် ဒါမှမဟုတ် သူတို့လူကို အရေးယူရမှာ။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ သပိတ်မှာပါတဲ့သူတွေကို အသက်မပြည့်လို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ထုတ်ပစ်တယ်လို့ ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ဥပဒေအယူအဆအရ ကျနော်တို့က ရှင်းပြတာပါ။ အဲဒီလို ထုတ်ပိုင်ခွင့်မရှိဘူး။ ကျနော်တို့ မျက်မြင်အရ ဗမာပြည်မှာက အလုပ်ရှင်နဲ့ အလုပ်သမားရုံးတွေက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက ကောင်းမွန်ပြီးတော့ အလုပ်ရှင်နဲ့အလုပ်သမား ဆက်ဆံရေးက မကောင်းမွန် ဘူး။ အလုပ်သမားနဲ့ အလုပ်သမားရုံးက ဝန်ထမ်းတွေရဲ့ဆက်ဆံရေးက မကောင်းမွန်ဘူး ဖြစ်နေတယ်။ အထူးသဖြင့် ပြောရမယ်ဆိုရင် အဂတိလိုက်စားမှုတွေများတယ်ဆိုရင် အလုပ်သမားတွေက အခွင့် အရေးတွေ ဆုံးရှုံးကြရတယ်။”

တကယ်တော့ အလုပ်သမားတွေအနေနဲ့ ဆန္ဒပြပြီး တောင်းဆိုချက်အတော်များများကို တောင်းခဲ့ကြရာမှာ လုပ်အားခပြဿနာအပြင် တနေ့ ၁၂ နာရီကျော် ခိုင်းစေမှုတွေ၊ အလုပ်သမားတွေရသင့်တဲ့ လူမှုဖူလုံရေး ဥပဒေခံစားခွင့်အတိုင်း မရရှိတာတွေ၊ အလုပ်ရှင်တွေက လိုက်နာ ေဆောင်ရွက်ပေးမှု မရှိတာတွေကြောင့်လို့ ဆိုပါတယ်။

“ဆိုလိုတာက စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်တွေဘက်ကနေပြီးတော့ ဥပဒေနဲ့မညီညွတ်တာတွေ ဆောင်ရွက်နေ တာကို သိလျက်နဲ့ သက်ဆိုင်ရာ အလုပ်သမားရုံးက အရာရှိတွေက အချိန်မီ မဆောင်ရွက်ကြတာပေါ့။ အထူးသဖြင့် အလုပ်ရုံဥပဒေရှိတယ်။ အလုပ်တက်ရက်နဲ့ ခွင့်ရက် ဥပဒေတွေရှိတယ်။ နောက် လူမှုဖူလုံရေး ဥပဒေတွေရှိတယ်။ အဲဒီ ဥပဒေတွေက ကြာလှပြီပေ့ါဗျာ။ ၅၁ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ လူမှု ဖူလုံရေး ဥပဒေဆိုရင် ၅၄ ခုနှစ်ကတည်းက ပြဌာန်းထားတာ။ အဲဒီဥပဒေတွေကို စက်ရုံတွေက မလိုက်နာ တာကို အလုပ်သမားရုံးက အရာရှိတွေက အရေးယူလို့ရတာပဲ။ အရေးမယူခဲ့ဘူး။ အထူးသဖြင့် ဒီကာလ မှာပေါ့ဗျာ။ အရေးယူတာမျိုးမရှိဘူး။ အရေးယူတာမရှိတဲ့အတွက် အလုပ်သမားတွေက အခွင့်အရေးတွေ အများကြီး ဆုံးရှုံးကြရတာ။”

အလားတူပဲ မန္တလေးတိုင်းက အောင်စိန် အထည်ဆိုးဆေးစက်ရုံမှာလည်း အလုပ်သမားခေါင်းဆောင် ၁၀ ဦး ဟာ အကြောင်းပြချက်မပေးဘဲ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာခံခဲ့ရပါတယ်။

အလုပ်သမား ဆန္ဒပြမှုတွေဖြစ်လာနေတာနဲ့ပတ်သက်လို့ လှုံ့ဆော်သူတွေကို အညှိုးထားပြီး အလုပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ထုတ်ပယ်တာဟာ အလုပ်ရှင်နဲ့အလုပ်သမားတွေကြား အမြဲလိုလို ကြုံနေရတာ လည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG