တရုတ်နိုင်ငံအလယ်ပိုင်းမှာ ကြေးနီစက်ရုံတခု ဆောက်လုပ်မယ့်အစီအစဉ်ကို တရုတ်အာဏာပိုင် တွေက ဖျက်သိမ်းလိုက်ပါတယ်။
စက်ရုံကထွက်လာမယ့် ညစ်ညမ်းမှုတွေကြောင့် ဒေသခံတွေက အကြီးအကျယ် ဆန့်ကျင်ခဲ့ကြပြီး နောက်မှာ အခုလို အစီအစဉ် ဖျက်လိုက်တာဖြစ်ပါတယ်။ ဆီချွမ်ပြည်နယ် Shifang မြို့က ထောင် ချီတဲ့ မြို့ခံတွေဟာ စက်ရုံဆောက်လုပ်ရေးကို ၃ ရက်ဆက်တိုက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
စက်ရုံကထွက်တဲ့ ညစ်ညမ်းလေထုတွေက သူတို့ကျန်းမာရေး အတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။ Shifang အစိုးရက ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကြေးနီစက်ရုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေ ဘက်က မမျှော်လင့်ဘဲ အောင်ပွဲရသွားပါတယ်။
ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူ ၂၇ ယောက်ထဲက ၂၁ ယောက်က သူတို့မှားတယ်လို့ ဝန်ခံခဲ့ပြီးတဲ့နောက် ရဲက ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျန် ၆ ယောက်ကတော့ ဆက်လက်အဖမ်းခံထားရဆဲဖြစ်ပြီး မတည်မငြိမ်ဖြစ်အောင် လှုပ်ရှားမှုမှာ ပါဝင်မှုနဲ့ တရားစွဲခံရနိုင်ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း ရဲတွေက မျက်ရည်ယိုဗုံးတွေသုံး၊ နံပါတ်တုတ်တွေနဲ့လူစုခွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။