သမ္မတ ဘရက်ခ် အိုဘားမား ဟာ ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၂၃၆ ကြိမ်မြောက် အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အဲ့ဒီနေ့မှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူ ခဲ့ကြတဲ့ အမေရိကန်စစ်မှုထမ်း အုပ်စုတစုကို ဂုဏ်ပြုခဲ့ပါတယ်။ အခုလိုဂုဏ်ပြုတဲ့ အခမ်းအနားဟာ နိုင်ငံ ရဲ့မွေးနေ့လို့ ဆိုရမယ့် နေ့ထူးနေ့မြတ်ကို ဆင်နွှဲရာမှာ အသင့်တော်ဆုံးနည်းဖြစ်တယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Kent Klein ရဲ့ သတင်းလွှာကို ဒေါ်လှလှသန်း က တင်ပြပေးထားပါတယ်။
၁၇၇၆ ခု၊ ဂျူလိုင်လ ၄ ရက်နေ့က ဗြိတိန်လက်အောက်ကနေ အမေရိကန်ပြည်ထောင်စု လွတ် လပ်ရေး ကြေညာစာတမ်းကြီး လက်မှတ်ရေးထိုးခဲ့တာက တကယ့်ကိုထူးခြားပြီး ရဲရင့်ပြတ်သားတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတအိုဘားမားက အိမ်ဖြူတော်အရှေ့ဘက်ခန်းမမှာ ပြောကြားခဲ့ပါတယ်။
“ဖီလဒဲလ်ဖီးယားခန်းမဆောင်မှာ ကိုယ်စားလှယ် ဒါဇင်အနည်းငယ်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်ခဲ့ တဲ့ ဗြိတိန်ကိုအာခံပြီး အမေရိကန် ပြည်နယ်တွေဟာ သွေးစည်းညီညွတ်ပြီး လွတ်လပ်တဲ့၊ သီးခြား ရပ်တည်နိုင်တဲ့ ပြည်နယ်တွေဖြစ်သင့်တယ်လို့ ကြေညာခဲ့ကြပါတယ်။ ၂၃၆ နှစ် အကြာဖြစ်တဲ့ အခု ချိန်မှာတော့ ဒီ အမေရိကန်ရဲ့သမိုင်းကြောင်းကို ကျနော်တို့ အံ့မခန်းဖြစ်ကြရပါတယ်။”
ဒီလို အမေရိကန်လွတ်လပ်ရေး သမိုင်းကြောင်းဟာလည်း ကမ္ဘာတဝှမ်းက အမေရိကန်ပြည်ထောင်စုကို လာရောက်အခြေချတဲ့ မျိုးဆက်ပေါင်းများစွာတွေရဲ့ အထောက်အကူမပါဘဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။
“နိုင်ငံတွင်း အခြေချဖို့ လာကြသူများစွာကို ကမ္ဘာပေါ်မှာ အမေရိကန်လောက် ဘယ်နိုင်ငံကမှ နွေးထွေးစွာ ကြိုဆိုတာ မရှိပါဘူး။ ပြောင်းရွှေ့ အခြေချကြတဲ့ မျိုးဆက်သစ်တိုင်းရဲ့ မျှော်လင့်ချက်၊ အားမာန်နဲ့ အကောင်းဘက်ကို ရှေ့ရှုမှုတွေနဲ့အတူ အမေရိကန်ပြည်ထောင်စု အနေနဲ့ အစဉ်အမြဲ အားသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။”
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်ခဲ့တဲ့ ဒီနှစ် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံခြားမှာမွေးဖွားခဲ့တဲ့ အမေရိကန် စစ်မှုထမ်း ၂၅ ဦးတို့အတွက် မေ့မရနိုင်တဲ့နေ့ ဖြစ်ပါတယ်။ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိက ၁၇ နိုင်ငံတို့က လာရောက်အခြေချခဲ့ကြတဲ့ စစ်မှုထမ်း ၂၅ ဦးတို့ဟာ အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ ကျမ်း သစ္စာကျိန်ဆိုပွဲမှာ အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူခဲ့ကြပါတယ်။ အမေရိကန်စစ်ပွဲတွေမှာ အသက်စွန့် တိုက်ခိုက် ကူညီပေးခဲ့ကြတဲ့အတွက်ကြောင့်လည်း အမေရိကန်ပြည်ထောင်စုက သူတို့ ကို ကျေးဇူးပြန် ဆပ်တဲ့အနေနဲ့ နိုင်ငံသားအဖြစ် အမြန်နည်းနဲ့ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုင်ပေး ခဲ့သူကတော့ အမိမြေ လုံခြုံရေးဌာနဝန်ကြီး Janet Napolitano ဖြစ်ပါတယ်။
အမေရိကန် ကြည်း၊ လေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၂၅ ဦးတို့ကို ဂုဏ်ပြုကြိုဆိုတဲ့အခမ်းအနားမှာ သမ္မတ အိုဘားမားက အမေရိကန် လူဝင်မှု ကြိကြပ်ရေးပေါ်လစီကို ပြင်ဆင်ရာမှာ ခြုံငုံပြည့်စုံမှုရှိဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။ အခုလို အမေရိကန်နိုင်ငံသားတွေအဖြစ် ခံယူတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အတွေးအခေါ်ပေါင်းစုံ စုစည်းရာနိုင်ငံ ဖြစ်တယ် ဆိုတာကို ဖော်ညွှန်းတဲ့အကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်ရှင်။