သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGO အထောက်အပံ့ ရခိုင်ဒုက္ခသည်စခန်းလက်မခံ


နိုင်ငံခြား NGO အဖွဲ့တွေကနေ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဆူပူအကြမ်းဖက်မှုဘေးကနေ တိမ်းရှောင်လာတဲ့ ဒုက္ခသည်စခန်း (၇) ခုကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးခဲ့ပေမဲ့ စခန်းကြီးကြပ်သူတွေက လက်မခံဘူးလို့ ဆိုပါတယ်။ နိုင်ငံခြား NGO အဖွဲ့တွေဟာ ယခင်က ဘင်္ဂါလီ ဒုက္ခသည်တွေကိုသာ ကူညီခဲ့တဲ့အနေအထားကြောင့် အခုလို လာရောက်လှူဒါန်းတာဟာလည်း သံသယဖြစ်စရာအနေအထားမှာ ရှိနေတယ်လို့လည်း စခန်းကြီးကြပ်သူ သံဃာတော်တွေက ပြောပါတယ်။ ရခိုင်နိုင်ငံရေးပါတီကတော့ ဒုက္ခသည်တွေ အကူညီလိုအပ်နေတဲ့ကာလမှာ အခုလို အကူအညီ ပေးတာကို ငြင်းပယ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို နိုင်ငံခြား NGOအဖွဲ့တွေကနေ လာရောက် လှူဒါန်းတဲ့အကူအညီတွေကို လက်မခံ ငြင်းပယ်လိုက်တယ်လို့ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရက မြွက်ကြားခဲ့ပါတယ်။ အခုလို NGO တွေကနေ ပေးအပ်တဲ့ အကူ အညီ ငြင်းပယ်ရတဲ့ဖြစ်စဉ်တွေကိုတော့ မောင်တေမြို့နယ် ဒုက္ခသည်စခန်းကြီးကြပ်သူ ဆရာတော်ဦးမဏိစာရက ဗွီအိုအေကို အခုလိုပြောပါတယ်။

“NGO အဖွဲ့အစည်းတွေက ဟိုတုန်းက လူသားချင်းစာနာထောက်ထားခြင်း လူမျိုး၊ ဘာသာမရွေး ကူညီပံ့ပိုးတယ်လို့ ပြောပါသော်လည်းပဲ ဒီဒေသမှာ ဘာတခုမှလည်း မရရှိခဲ့ပါဘူး။ သူတို့ ဘင်္ဂါလီတွေကိုပဲ ဆေးဝါးအခမဲ့၊ ပညာရေးအခမဲ့ ပေးဝေနေတယ်။ ဘယ်အဖွဲ့တွေလဲဆိုရင် မာတေဇာတို့၊ တခြားအဖွဲ့အစည်းတွေလည်း အများကြီးရှိမှာပါ။ နောက်ကွယ်မှာတော့ ဘင်္ဂါလီ ဦးစားပေးတဲ့အဖွဲ့လို့ပဲ မြင်ပါတယ်။ သူတို့ရဲ့ ပံ့ပိုးချင်တဲ့စိတ်ဟာ စေတနာက မှန်ရဲ့လား၊ သူတို့က ရိုးသားလို့လားလို့ မေးခွန်းထုတ်စရာဆိုတော့ ဦးဇင်းတို့က မလိုအပ်ဘူးထင်တယ်။”

ဇူလိုင် (၄) ရက်နေ့ ညနေပိုင်းလောက်မှာ မာတေဇာအပါအဝင် တခြား NGO အဖွဲ့တွေကနေ မောင်တောမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းစဉ်မှာ ခုလိုငြင်းပယ်ခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။

ဒီအခြေအနေနဲ့ပက်သက်လို့ မာတေဇောအပါအဝင် NGO အဖွဲ့တွေကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

မောင်တောမြို့နယ်မှာ ဒုက္ခသည်စခန်း (၇) ခုရှိပြီး လူဦးရေ (၄,၀၀၀) ကျော်ရှိနေပါတယ်။ အခုလိုနိုင်ငံခြား NGO အကူအညီကို အလိုတော်ပြည့်ကျောင်း ဆရာတော်ဦးမဏိစာရကနေ လက်မခံတဲ့အပေါ် စစ်တွေမြို့မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရုံးက ဗဟိုကော်မီတီတဦးဖြစ်သူ ဦးစံကျော်လှက အခုလိုပြောပါတယ်။

“ဒီမှာက လူတွေက အကူညီလိုအပ်နေပါတယ်။ အဲဒီအကူအညီလိုအပ်နေတာကို အလိုတော်ပြည့် ဆရာတော်က လက်မခံလို့ဆိုတော့ သူတို့မှာရှိတဲ့ စခန်းကို လှူတာကို သူကလက်မခံဘူး။ အဲဒီလိုပြောကောင်းတော့ ပြောပါလိမ့်မယ်။ အဲဒီ NGO တွေက မူဆလင်ဘက်ကို အလေးသာတဲ့အတွက် အခု ရခိုင်ကိုပေးနေတဲ့အလှူကို လက်မခံဘူးဆိုတာ ဒါတော့ မဖြစ်သင့်တဲ့ကိစ္စပါ။”

စစ်တွေမြို့နဲ့ မောင်တောမြို့တွေမှာ ဒုက္ခသည်စခန်းပေါင်း ၅၀ ကျော်ရှိပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီဒုက္ခသည်စခန်းတွေရဲ့ လက်ရှိအခြေအနေကို ဦးစံကျော်လှက အခုလိုပြောပြပါတယ်။

“အဝတ်အစားနဲ့ပက်သက်ပြီး သိပ်အခက်အခဲမရှိကြတော့ဘူးဗျ။ ဒါပေမဲ့ အစားအသောက်တို့၊ အနေအထိုင်တို့၊ နောက် ခလေးတွေကျောင်းတက်ဖို့ဟာ ခလေးတွေ ကျောင်းလည်းမတက်ရဘူး ဖြစ်နေကြတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီနွယ်ဖွားတွေအကြား ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတဲ့အခြေအနေမှာ ရှိနေပေမဲ့ အခုအခါမှာတော့ နယ်မြေအေးချမ်းတဲ့အသွင်ရှိလာပြီလို့ ဒုက္ခသည် အကူအညီပေးသူ အလိုတော်ပြည့်ကျောင်း ဆရာတော် ဦးမဏိစာရ က ပြောပါတယ်။

“အေးချမ်းနေတဲ့အသွင်လို့ပဲ ပြောလို့ရပါတယ်။ အေးချမ်းနေတယ်ဆိုပေမဲ့လို့ လူသွားလူလာကတော့ ဈေးတွေဖွင့်တာတို့၊ ပုံမှန်အနေအားဖြင့် သွားလာ တာတို့ ဒါတွေကတော့ မရှိသေးပါဘူး။ တင်းမာနေတဲ့ အခြေအနေလားဆိုတော့ တင်းမာနေတဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ အေးချမ်းနေတဲ့ ပုံစံမျိုးလို့ ပြောလို့ ရပါတယ်။”

ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂါလီလူမျိုးတွေအကြား လူမျိုးရေး အသွင်ဆောင်တဲ့ပဋိပက္ခနဲ့ ဆူပူအကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် စစ်တွေ၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်တော်မြို့ရွာတွေမှာရှိတဲ့ အိမ်ခြေပေါင်း (၃, ၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူပေါင်း (၈၀) ခန့် သေဆုံးသွားခဲ့ တယ်လို့ အစိုးရကနေ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG