သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မင်းသား Jackie Chan မြန်မာနိုင်ငံကို ရောက်ပြီ


ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသား Jakie Chan ဟာ မန္တလေးမြို့က မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားခဲ့ပါတယ်။ သူ့ကို ဧည့်ခံကြိုဆိုဖို့ ၅ စုတိုက်ကျောင်းမှာ အစီအစဉ်လုပ်ထားခဲ့ပေမဲ့ ခဏလေးပဲလာသွားခဲ့တာမို့ သူ့ကို တွေ့ဖို့ နာရီနဲ့ချီစောင့်ခဲ့ကြသူတွေက အားမရဘူးလို့ ပြောကြပါတယ်။ ကလေးငယ်တွေကို ရောင်း ချမှုတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Jakie Chan ရဲ့ ခရီးစဉ်အကြောင်း စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီအစဉ်နဲ့ ၃ ရက်ခရီးနဲ့ ဒီကနေ့ ညနေ ပိုင်းမှာ မန္တလေးကို Jakie Chan ရောက်လာခဲ့တာဖြစ်ပါတယ်။ UNICEF အကျိုးဆောင် သံအမတ်ကြီး အဖြစ် Jakie Chan မန္တလေးမြို့ကို ရောက်ရောက်ချင်းမှာပဲ ချမ်းအေး သာဇံမြို့နယ်မှာရှိတဲ့ ၅ စုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို အရင်ဆုံးသွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို တွေ့ဆုံ နှုတ်ဆက်နိုင်ဖို့ ပရိတ်သတ်တွေ နာရီနဲ့ချီအောင် ဘုန်ကြီးကျောင်းရှေ့မှာ စောင့်နေခဲ့ကြပေမဲ့ ခဏလေးပဲတွေ့လိုက်ကြ ရတယ်လို့ မန္တလေးမြို့ခံ ကို ငြိမ်းချမ်းက ပြောပြပါတယ်။

“ယာဉ်တန်းက ၁၀ စီးလောက်ပါမယ်။ UNICEF အပြာရောင်တီရှပ်တွေနဲ့ ဗမာ ဝန်ထမ်းတွေရော၊ နိုင်ငံခြား သားဝန်ထမ်းတွေရောပါတယ်။ အဖွဲ့ ၁၊ ၂၊ ၃၊ ဆိုပြီး UN အဖြူရောင်ကားတွေနဲ့ ရောက်လာပါတယ်။ မီဒီယာတွေနဲ့ တရုတ်အမျိုးသားတွေကို အများဆုံးတွေ့ရတယ်။ ဝင်လာမယ် ဆိုကတည်းက တစောင့်စောင့်နဲ့ စောင့်နေကြတဲ့ပရိတ်သတ်ကတော့ ရာကြီးပိုင်းလောက် ရှိတယ်။

ယာဉ်တန်းလည်း ဝင်လာရော နောက်ဆုံး ကားမှာပါတဲ့ ဂျက်ကီချဲန်းကိုလည်းတွေ့ရော အကုန်လုံး ပြုံပြီးတော့ လိုက် သွားကြတယ်။ ကျောင်းဝန်းထဲ အရှေ့ဘက်ထိပ်စည်းကို ရောက်သွားပြီးတော့ ဆရာတော်ကြီးလည်း ရှိပါတယ်။ ဆရာတော်ကြီးနဲ့ ကြိုပြီးတော့မှ အတွင်းပိုင်းထဲဝင်မယ့် အချိန်မှာ ဘေး နားမှာ ပရိတ်သတ်ကတော့ များနေတာပေါ့။ အုံနေတယ်ဆိုပေမယ့် မန္တလေးပရိတ်သတ်အနေနဲ့ ဆိုရင်တော့ အဲဒီလောက်အုံနေတာ များလှတယ် လို့တော့ မယူဆပါဘူး။

ဂျက်ကီချဲန်းဆိုတာက ကမ္ဘာကျော်အနုပညာရှင်လည်းဖြစ်တယ်၊ နောက်ပြီးတော့ ဗမာပရိတ်သတ် အများဆုံး ထိ တွေ့ခဲ့ရတဲ့ မင်းသားလည်းဖြစ်တယ်၊ အခုလို ကုလသမဂ္ဂ အစီအစဉ်နဲ့ လာတယ်၊ နောက်ပြီးတော့ ဂျက်ကီချဲန်းကိုယ်တိုင်ကလည်း ကလေး ပရိတ်သတ်က ချစ်ကြတယ်လေ၊ အဲဒါမျိုးဆိုတော့ အုံကြမှာပေါ့ဗျာ။ သို့သော် UNICEF တာဝန်ရှိတဲ့သူတွေက ဘာများစိုးရိမ်ကြီးတယ် မသိဘူး၊ ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် စိုးရိမ်လို့လားတော့ မသိဘူး။ မဆင်းနိုင်ဘူးဖြစ်နေတယ်။ ကလေးတွေက တန်းစီပြီးကြို နေပါတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ကို ကောင်းကောင်း နှုတ်မဆက် လိုက်ရ ပါဘူး။ သူက ထမင်းစားဆောင်အတွင်းထဲမှာပဲ ကလေးတွေနဲ့ နှုတ်ဆက်ဖို့အစီအစဉ်က လောလောဆယ် ယာယီရပ်ဆိုင်းသွားပြီးတော့ ကားပေါ်ကနေဆင်း၊ ဆင်းပြီး လက်ပြနှုတ်ဆက်ရင်းနဲ့ သူနဲ့ဆန့်ကျင်ဘက် ကားတစီးပေါ် အမြန်ပြေးတက်ပြီးတော့ အဲဒီကားက အသင့်ပြင်ထားတာပေါ့ဗျာ။ အဲဒီကားက အမြန်ပြန် ထွက်သွားတယ်။ အားလုံးနဲ့တွေ့လိုက်ရတာ ဝမ်းသာအားရ၊ အထူးသဖြင့်တော့ တရုတ်အမျိုးသားတွေပဲ။ တရုတ်လိုတွေ အော်ကြ၊ နှုတ်ဆက်ကြတာဆိုတော့ ကျနော်တို့လည်း သိပ်မသိရဘူး။ ”

၅ စုတိုက်ဘုန်းကြီးကျောင်းမှာ စောင့်ရောက် ပညာသင်ပေးနေတဲ့ မိဘမဲ့ ကလေးပေါင်းက ၂၇၀ လောက် ရှိပါတယ်။ အဲဒီထဲက ကိုခင်မောင်လုံး က သူမျှော်လင့်သလို တရုတ်သိုင်းကား ဟာသ Action ကားတွေ ရိုက်တဲ့ မင်းသား Jakie Chan ကို အားရပါးရ မတွေ့ခဲ့ရလို့ စိတ်မကောင်း ပါဘူးတဲ့။

“တွေ့ချင်လွန်းလို့ ဒီမှာ မျက်ရည်တောင် ဝဲနေတာဗျ။ မြင်ဖူးချင်ကြတာပေါ့။ တချို့ ကလေးတွေ က ကောင်းကောင်းလည်း မမြင်ရဘူး။ လူကြီးတွေတောင် ကောင်းကောင်းမှ မမြင်ရတာဗျာ။ သူလာမယ့် အချိန်ကို ကျနော်တို့ နာရီကြည့်ပြီး စောင့်ပြီး မျှော်လင့်နေကြတာ။ ဂျက်ကီချမ်းကို တော်တော် ကြိုက်ကြ တယ်။ တအားကြိုက်တာ၊ ဂျက်ကီချဲန်း ကားတွေကို။ သူ့ဇာတ်ကားဆို အလွတ် မရှိဘူးပေါ့ဗျာ။ အကုန်လုံး ကြည့်တာပေါ့။ မကြည့်ဖူးတဲ့ကား မရှိဘူး။ အကုန်ကြည့်ဖူးတယ်။ အဲဒီလိုပေါ့။ သူ့ကိုတွေ့ရင် ဒီလို သူ့ဇာတ်လမ်းတွေ ကောင်းတဲ့အကြောင်းတွေပေါ့၊ ဖိုက်တင်ခန်း ကောင်းတဲ့အကြောင်းလေးတွေ၊ သိုင်း ကျွမ်းကျင်တဲ့ အကြောင်းလေးတွေ ပြောမှာပေါ့ဗျာ။”

ရုပ်ရှင်မင်းသား Jakie Chan ရဲ့ ၃ ရက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကုန်ကူးရောင်းချခံခဲ့ရတဲ့ ကလေးတွေကို စောင့်ရှောက်ထားတဲ့ UNICEF အထောက်အပံ့ပေးထားတဲ့ နေရာတွေဆီကိုလည်း သွားရောက်ကြည့်ရှုဖို့ အစီအစဉ်ရှိပါတယ်။ ကလေးတွေ ရောင်းချခံရမှုကို အထိရောက်ဆုံး ဘယ်လို ကာကွယ်နိုင်မလဲဆိုတာကိုလည်း မန္တလေးမြို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ဝင်တွေနဲ့လဲ Jakie Chan တွေ့ ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး၊ ရာသက်ပန် ထိခိုက် မှုတွေ ရသွားစေတဲ့ ရာဇဝတ်မှုကြီးကို အမြစ်ဖြတ်နိုင်ဖို့ ကမ္ဘာပေါ်က ကလေးတွေ အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံကို မလာခင်မှာ Jakie Chan ကပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ဘယ်လို ခုခံကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အကြောင်းတွေကို လည်း မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ သင်ကြား ပြောပြမှာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက မပြန်ခင် July ၇ ရက် စနေနေ့မှာ ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်ရှိတယ်လို့ UNICEF တာဝန် ရှိသူက ပြောပါတယ်ရှင်။

XS
SM
MD
LG