သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သံသယရှိသူ ခြောက်ဦး ဗြိတိန် ဖမ်းဆီး


အကြမ်းဖက်သမားလို့ သံသယရှိသူ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း လူခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ ဗြိတိန် အာဏာပိုင်တွေက ပြောပေမဲ့ ဒီဖမ်းဆီးမှုဟာ မကြာခင်ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်နဲ့ မဆက်စပ်ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၃၀ ကြား လူတွေဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပြီး ကြာသာပတေးနေ့ အစောပိုင်းက လန်ဒန်မြို့တော် တဝန်း ရှာဖွေဖမ်းဆီးမှုတွေလုပ်ခဲ့တာနဲ့အမျှ စီစဉ်ထားတဲ့ ထောက်လှမ်းရေး၊ စစ်ဆင်ရေး တစိတ်တပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

လန်ဒန်မြို့တော် အရှေ့ပိုင်း၊ အနောက်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာရှိတဲ့ လူနေအိမ်ရှစ်ခုနဲ့ စီးပွားရေးလုပ်ငန်း တခုတို့ကို ဝင်ရောက် ရှာဖွေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်ဆင်ရေးအတွင်း သံသယရှိသူတဦးကို လျှပ်စစ်ကျင်စက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပေမဲ့ ဒဏ်ရာတော့ မရခဲ့ဘူးလို့ ရဲတွေက ဆိုပါတယ်။ ဖမ်းဆီးမှုတွေလုပ်ခဲ့တဲ့ နေရာတချို့နားမှာ ကျင်းပဖို့ရှိတဲ့ အိုလံပစ် အားကစားပွဲတော်နဲ့ အခု ဖမ်းဆီးတာတွေ မဆက်စပ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ခုနစ်နှစ် ဒီသီတင်းပတ်အချိန်တုန်းက လန်ဒန်မြို့တော်တဝန်း အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် လူ ၅၂ ယောက် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG