သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၅၀ ပြည့် 7th July အထိမ်းအမှတ်ပွဲ စီစဉ်သူတချို့ အဖမ်းခံရ


ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ ကျရောက်တဲ့ 7th July အထိမ်းအမှတ်ပွဲကျင်းပဖို့ ပြင်ဆင်နေကြတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမ္ဂများ အဖွဲ့ချုပ ်ဗကသ ရဲ့ခေါင်းဆောင်၊ ကျောင်းသားတွေကို ဇူလိုင် ၆ ရက်နေ့ ညကစပြီး အာဏာပိုင်တွေက ခေါ်ယူသွားခဲ့တာတွေ ရှိပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တကသ - တက္ကသိုလ်ကျောင်သားသမဂ္ဂ အဆောက်အဦး ဖျက်ဆီးခံရတဲ့ 7th July နှစ် ၅၀ ပြည့်ကို မျိုးဆက်သစ် လူငယ်တွေ ဦးစီးတဲ့ ဗကသ များ အဖွဲ့ချုပ်ကနေ ကျင်းပမဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးမှုကို ပြီးခဲ့တဲ့ရက်တွေက စတင် လုပ်ခဲ့တာပါ။

ဇူလိုင် ၆ ရက်နေ့ ညကတော့ ခရိုင်ရဲမှူးတွေ၊ အထူးသတင်းတပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံရဲတွေ ဦးဆောင်ပြီး အင်အားအပြည့်နဲ့ ဗကသ များ အဖွဲ့ချုပ်က ခေါင်းဆောင်တဦးချင်းရဲ့နေအိမ်တွေကနေ ခေါ်သွားခဲ့တာ ဖြစ် ပါတယ်။ ဗကသ များအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်နဲ့ပတ်သက်ပြီး ဖခင်ဖြစ် သူ ဒေါက်တာနေဝင်းက ပြောပါတယ်။

“သမီးကို ဒီနေ့ည ဆယ်နာရီလောက်ကပေါ့- လူတွေ အများကြီးဝင်လာကြတယ်လေ။ ဝင်လာကြ ပြီးတော့ ယောကျ်ားတွေများများနဲ့ အမျိုးသမီး ၂ ယောက် လာပြီးတော့ ခေါင်းဆောင်ဖြစ်တဲ့ ယောကျ်ားက မိတ်ဆက်ပါတယ်။ သူက မြောက်ပိုင်းခရိုင်၊ ရဲမှူး၊ သတင်းတပ်ဖွဲ့ FB က ရဲမှူး ထွန်းသိန်း-ပါတဲ့။ ဖြိုးဖြိုးအောင်ကို မေးစရာရှိလို့ပါ ဆိုပြီးတော့ ခေါ်ခိုင်းတယ်လေ။ ဒီအမျိုးသမီးတွေကတော့-တဲ့၊ သတင်းတပ်ဖွဲ့က အရာရှိတွေ ပါ-တဲ့။ အဲလို ပြောတယ်။ အဲဒါနဲ့ သမီးကို ကျနော်တို့က ခေါ်လိုက် တာပေါ့နော်။ သူကလည်း သမီးကို ခေါ်သွားမယ်-တဲ့။ ကျနော်တို့က ဒီမှာ မေးစရ ရှိတယ် အောက်မေ့လို့ ပါ။ သူ့အမေက ဒီမှာ မေးမှာ မဟုတ်ဘူးလားလို့ မေးတော့ - မဟုတ်ဘူး-တဲ့။ ခေါ်သွားမယ်လို့ ပြောတယ်။ ဘယ်ခေါ်သွားမလဲ မေးတော့ ဘယ်ခေါ်သွားမယ် ဆိုတာ ပြောခွင့်မရှိဘူး-တဲ့။”

မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့ အတိတ်ကဖြစ်ခဲ့တဲ့ ကျောင်းသားနဲ့ပတ်သက်တဲ့သမိုင်းဆိုးကြီးကို ထိတ်လန့် နေလို့သာ မျိုးဆက်သစ် လူငယ် တွေကို ဟန့်တားနေတာလို့ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုဒီငြိမ်းလင်းရဲ့ဖခင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။

“အခု အင်းစိန်မှာဆိုလို့ရှိရင် သား-ဒီငြိမ်းလင်းရယ်၊ တူလို သားလိုနေတဲ့ ရဲမြတ်ဟိန်းရယ်၊ သမီးလိုနေတဲ့ ဖြိုးဖြိုးအောင်ရယ်- ပါသွားတာပေါ့။ အခု အနာဂတ်ကို ဖန်တီးမယ့် ကလေးတွေကို ဒဏ်ရာဒဏ်ချက်တွေ ထပ်ပေးနေတယ်။ မကောင်းဘူး။ ကလေးတွေက အနာဂတ်ကို ဦးဆောင်ရမှာ။ အဲဒါက သူတို့ တကယ် သမိုင်းဆိုးကြီးတခုကို ကြောက်နေကြတဲ့ပုံစံ။ အဲဒီကလေးတွေကို ဘာကြောင့် ဒဏ်ရာ ဒဏ်ချက်တွေ လိုက်ပေးပြီးတော့ မယုံကြည်မှုတွေတည်ဆောက်နေကြတာလဲ-လို့။ အဲဒီလိုပဲ ပြောချင်နေတယ်။”

ဒီလို ကျောင်းသားတွေကို ညတွင်းချင်းထိန်းသိမ်းမှုဟာ ဇူလိုင်လ ၇ ရက်နေ့မှာကျရောက်မယ့် နှစ် ၅၀ပြည့် 7th July အထိမ်းအမှတ်ပွဲ လုပ်မယ့် ကိစ္စနဲ့ပတ်သက်နေတယ်လို့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူက ပြောပါ တယ်။

“သမီးတို့က 7th July အခမ်းအနားကို မနက်ဖြန်မှာလုပ်ဖို့ ပြင်ဆင်ထားတယ်လေ။ ပထမ သူတို့က တော် ဝင်နှင်းဆီမှာလုပ်ဖို့ပဲ။ တော်ဝင် နှင်းဆီ ကို ပိတ်တယ်ဆိုတော့ တောင်ဥက္ကလာ၊ ဝေဇယန္တာလမ်းက ၈၈ ရုံးခန်းမှာလုပ်ဖို့ ပြင်ဆင်ထားကြတာကိုး။ အဲဒီတော့ အခမ်းအနား မလုပ်ဖြစ်အောင်ပေါ့- အဓိက ရည်ရွယ်ချက်လို့ ထင်ပါတယ်။ ဒီလို တားဆီးတာ ဘယ်ဖြစ်သင့်မလဲ။ ဘာမှ တားဆီးစရာကောင်းတဲ့ ကိစ္စမှ မဟုတ်ဘဲဗျာ။ ဖြစ်ခဲ့တာကလည်း သူတို့အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာမှ မဟုတ်ဘဲ။ လွန်ခဲ့တဲ့ နှစ် ၅၀ - ဗိုလ်နေဝင်းအစိုးရလက်ထက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလေ။ အဲဒီတုန်းက ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ကို သေနတ်နဲ့ ဖြိုခွင်းခဲ့တာပဲလေ။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆိုတာကလည်း ဟိုး…ဗိုလ်ချုပ်အောင်ဆန်းတို၊ သခင်အောင်ဆန်း တို့၊ ကိုအောင်ဆန်းတို့ ခေတ်က တည်းက ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး။ ဗိုလ်ချုပ်နေဝင်းက ဒိုင်းနမိုက်နဲ့ ဖြိုခွဲခဲ့တာပဲ။ ဒီ အဆောက်အအုံ ပြန်လည် တည်ဆောက်ဖို့တောင်မှ ဝိုင်းပြီးတော့ တောင်းဆိုနေကြတာ။ အဲဒါက အင်မတန်ကို တောင်းဆိုသင့်တဲ့ ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စ၊ ဒါကို ဘယ်လိုမှ တားဆီးစရာအကြောင်းမရှိပါဘူး။ မတားဆီးသင့်ပါဘူး။ အဲလိုပဲ ကျနော်ထင်ပါတယ်။”

ရန်ကုန်မှာဆိုရင် ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင် အပါအဝင် ကျောင်း သားတွေကို ထိန်းသိမ်းသွားခဲ့သလို မန္တလေးမြို့မှာလည်း 7th July လုပ်မယ့် ဘုန်းကြီးကျောင်းမှာ စုဝေးနေ တဲ့ကျောင်းသားတွေကိုလည်း အထူးသတင်းတပ်ဖဲ့ွတွေ၊ ခရိုင်ရဲတွေက လာရောက်ခေါ် သွားပါတယ်။

7th July နေ့ ဆိုတာကတော့ - လွတ်လပ်ရေးမရခင်ကတည်းက ရှိခဲ့တဲ့ ကျောင်းသားတွေရဲ့ သမဂ္ဂ အဆောက်အဦးကြီးကို စစ်အာဏာသိမ်း ဗိုလ်နေဝင်းအစိုးရက ၁၉၆၂ မှာ ဗုံးခွဲ တိုက်ခိုက် ဖျက်ဆီးခဲ့ မှုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက်ဟာ သမဂ္ဂ အဆောက်အဦးနဲ့ ပတ်သက်ပြီး အထိမ်း အမှတ်လုပ်တဲ့ ပွဲတွေကို ပိတ်ပင် တားဆီးခဲ့ သလို သမဂ္ဂသမိုင်းကြောင်းကို ရေးသားခဲ့တဲ့သူတွေ၊ မှတ်တမ်းပြုစုတွေကို အညှိုးတကြီးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ဖူးတဲ့ သာဓက တွေ ရှိခဲ့ပါတယ်။ အခုအခါမှာလည်း မျိုးဆက်သစ်ကျောင်းသားလေးတွေ ဦးဆောင်တဲ့ ဗကသ များအဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး 7th July အထိမ်းအမှတ်ပွဲလုပ်ဖို့ကို တားဆီးတဲ့အနေနဲ့ အနည်းဆုံးလူ ၂၀ ထက်မနည်းကို အာဏာပိုင်တွေက နေအိမ်တွေ၊ ပွဲကျင်းပမယ့် ဘုန်းကြီးကျောင်းတွေကနေ ခေါ်ဆောင်သွားခဲ့တာ လည်း ဖြစ်ပါတယ်ရှင်။

ဒီလို ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ 7 July အခမ်းအနားလုပ်မှာကို ဟန့်တားချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုရင်တော့ ဒီ အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က မနေ့က ညတွင်းချင်းလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ပြောသွားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေတယ်ဆိုတဲ့ အစိုးရအနေနဲ့ ကျောင်းသားတွေအတွက် အရေးကြီးတဲ့ သမိုင်းတခုဖြစ်တဲ့ 7 July အတွက် အမှတ်တရပွဲ ကျင်းပဖို့ကို တရားဝင် ခွင့်ပြုရမှာဖြစ်ပြီး ခွင့်ပြုပါလို့ တောင်းဆိုကြောင်းလည်း ပြောသွားခဲ့ပါတယ်ရှင်။

XS
SM
MD
LG