ကုလကမဂ္ဂရဲ့ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အကျိုးဆောင် သံအမတ်ကြီးအဖြစ် မန္တလေး မြို့မှာ ရောက်နေတဲ့ HK မင်းသား Jakie Chan ဟာ ဒီကနေ့မှာ မိဘမဲ့ကလေးတွေကို စောင့်ရှောက်ထား တဲ့ဂေဟာတွေ၊ အသက်မွေးအတတ်ပညာသင်ကျောင်းတွေကို သွားခဲ့ပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး အတွက် အဓိက ရည်ရွယ်လာခဲ့တဲ့ Jakie Chan ဟာ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲအထူးတပ်ဖွဲ့ရုံးမှာ လည်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ မြန်မာနိုင်ငံက မိဘမဲ့ကလေးတွေ၊ အခွင့်အရေး နည်းပါးတဲ့သူတွေကို ခုလို နာမည်ကြီး ရုပ်ရှင်မင်းသားတယောက်က လာအားပေးတဲ့အတွက် အားတက်နေကြတဲ့အကြောင်းကို မစုမြတ်မွန်က ဆက်ပြောပါမယ်ရှင်။
မန္တလေးမြို့ကို ဒုတိယနေ့အဖြစ်ရောက်နေတဲ့ ဟာသ Action မင်းသား Jakie Chan ဟာ ဒီကနေ့မှာတော့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အစီအစဉ်နဲ့ ဖွင့်ထားတဲ့ လူငယ်သင်တန်းကျောင်းတွေ၊ အမျိုး သမီးတွေ စောင့်ရှောက်ရေး ဂေဟာတွေတင်မက၊ ပုဂ္ဂလိကစေတနာရှင်တွေ ဘုန်းတော်ကြီးတွေ အစီ အစဉ်နဲ့ ဖွင့်ထားတဲ့ ပရဟိတနေရာတချို့ကိုသွားခဲ့တဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြ တဲ့ တာဝန်ရှိသူတွေကိုလည်း တွေ့ဆုံခဲ့တဲ့အကြောင်း မန္တလေးမြို့ခံ ကိုငြိမ်းချမ်းက ပြောပြပါတယ်။
“မနက် ၆ နာရီကတည်းက ခရီးစဉ်ရှိတာပဲ၊ လမ်း ၃၀ မှာရှိတဲ့ လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက် ကပေါ့လေ၊ မိဘမဲ့ အမျိုးသမီးဂေဟာတွေ ရှိတယ်။ အဲဒီကိုသွားတယ်။ နောက်ပြီးတော့ ရွှေကျင်- မဒရာဘက်အထွက်ပေါ့။ ရွှေကျင်မှာရှိတဲ့ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ၊ ၁၁ နာရီ လောက်မှာ မန္တလေးမှာရှိတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ဆုံတယ်။ အဲဒါပြီးမှ ၁၂ နာရီ ပတ်ဝန်းကျင်မှာ ၁၂/၇၃ လမ်းမှာရှိတဲ့ လူငယ် သင်တန်းကျောင်းလို့ အရပ်ကခေါ်တဲ့ လူမှုဝန်ထမ်းဦးစီးဌာန ကပဲ- ယောကျာ်းလေးကျောင်းပေါ့။ အဲဒီကိုသွားတယ်။ ၁ နာရီ ပတ်ဝန်းကျင် လောက်မှ ဂျက်ကီချဲန်းတို့ ပြန်လာတယ်။ ပြန်လာပြီးတော့ ၄၅ လမ်းပေါ့။ အဲဒီဘက်က ဆွံ့၊ အ၊ နားမကြားကျောင်းကို သွားတယ်။”
Jakie Chan က ဒီကနေ့ သူသွားခဲ့တဲ့ လူငယ်သင်တန်းကျောင်းမှာ ကလေးတွေကို သူ့ဘဝ အကြောင်း ကို ပြောပြပြီး အားပေးစကား ပြောသွားတယ်လို့ နားထောင်ခဲ့ရသူတယောက်က ခုလို ပြောပါတယ်။
“ဘာတွေ ပြောသွားလဲဆိုတော့ သူကလည်း ငယ်ငယ်တုန်းက ဒီလိုပဲတဲ့။ သူ့မှာ မိဘတွေ မရှိဘူး-တဲ့။ မိဘတွေ မရှိတော့ သူ ပညာ မသင်ခဲ့ရဘူး-တဲ့။ ပညာမသင်ခဲ့ရတော့ သိုင်းပညာကိုပဲ သူ ကြိုးစားပြီး သင်တယ်ပေါ့နော်- သိုင်းပညာကို ဇွဲနဲ့သင်ပြီးကျတော့ ရုပ်ရှင်တန်းရိုက်တယ်-တဲ့။ ရုပ်ရှင်ရိုက်တဲ့အခါမှာ စတန့်ထွင်တာတွေ-ဘာတွေပေါ့နော်။ အဲလိုမျိုးနေရာတွေမှာ သူ အရိုက်များတယ်ပေါ့။ အဲဒီကနေမှ သူ အောင်မြင်သွားတယ်။ အောင်မြင်သွားတော့မှ ပညာရေးဆက်ဖို့ အိမ်မှာ ဆရာမကို ခေါ်ပြီးသင်တယ်။ အဲဒီတော့မှ သူ ပညာလည်းတတ်လာတယ်-ပေါ့နော်။ သူ အဲဒီလိုမျိုး ကြိုးစားခဲ့ရတယ်-တဲ့။ ကလေးတွေ ကိုလည်း ကြိုးစားပါ-တဲ့။ တနေ့မှာ သူ့လိုပဲ ဖြစ်လာလိမ့်မယ်-တဲ့။ ကလေးတွေက တအား အားကျတာပေါ့နော်။ ဂျက်ကီချဲန်းက တနေ့မှာ သူ့လို ဖြစ်လာလိမ့်မယ်လို့ ပြောတော့ ကလေးတွေကလည်း အားတက်သွားတာပေါ့။”
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ထားတဲ့ လူငယ်သင်တန်းကျောင်းမှာ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း Jakie Chan က စိတ်ဝင် တစားကြည့်ခဲ့ပါတယ်တဲ့။
“ကျမတို့ကျောင်းကို တခြားကျောင်းတွေကလည်း လာပြီးတော့ ဖျော်ဖြေပေးတယ်လေ။ အမျိုးသမီး ကလေးများကျောင်းကဆိုရင်လည်း သင်္ကြန်ယိမ်းနဲ့ ကတယ်။ နားမကြားသော ကလေးများကျောင်း က ဆိုရင်လည်း တပင်တိုင်အကနဲ့ကတယ်။ ကျမတို့ကျောင်းကတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုး အကကို က တယ်။ နောက်ပြီး ကျမတို့ကျောင်းက သိုင်း ပြကွက်တွေလည်း ပြသေးတယ်ပေါ့နော်။ သိုင်းကစားပြသေး တယ်။ ဘောလုံးကန်တယ်။ သင်္ကြန်ယိမ်းကတော့ အပေါ်ကိုတက်ပြီး သူပါ ရောကတယ်။ သူလည်း ပျော်လို့ပေါ့နော်။”
ခုလို ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်မင်းသားတယောက်က ကူညီရေးလုပ်ငန်းတွေကို စိတ်ဝင် တစား လေ့လာတဲ့အတွက်ကိုလည်း အားတက်နေကြပါတယ်။
“ကိုယ်လုပ်နေတဲ့အလုပ်တွေကို စွန့်စွန့်စားစားလာပြီး ကြည့်တယ်ဆိုတဲ့အခါကျတော့ ကျေးဇူးလည်း တင်တာပေါ့-နော်။ သူ့ကို အထင်လည်း ကြီးတာပေါ့။ နိုင်ငံခြားကနေတောင်မှ တကူးတက လာကြည့် တာလေ။ ဒီလို ကလေးတွေကို လာပြီး အားပေးစကားပြောတယ်။ ကူတယ် ဆိုတော့ကျတော့လေ။ အထင်ကြီးစရာ ကောင်းတာပေါ့နော်။”
တရုတ်သိုင်းကားတွေ၊ ဟောင်ကောင် Action ဇယတ်ကားတွေကြောင့် မြန်မာ ပရိတ်သတ် အများ သိကြတဲ့ မင်းသား Jakie Chan ကို တွေ့ ချင်ကြလို့ သူသွားမယ်လို့ ကြိုသိထားတဲ့ နေရာတွေမှာ လူတွေ ရာနဲ့ ချီစောင့်နေကြပါတယ်။ မန္တလးမြို့ကိုပဲ အဓိကထားပြီး တိုက်ရိုက်လာခဲ့တဲ့ အတွက်လည်း ဝမ်းသာနေကြတယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ UNICEF အစီအစဉ်နဲ့ လာတာမို့ စီစဉ်သူတွေဘက်က Jakie Chan လုံခြုံရေး ကို တော်တော်လေးကြပ်မတ်ထားတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
လူကုန်ကူးမှုတိုက်ဖျက်ရေးကို အထိရောက်ဆုံးကာကွယ် တားဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံ က ဆောင်ရွက်နေမှုတွေလေ့လာဖို့နဲ့ အသိ ပညာ ပေးဖို့ရည်ရွယ်ချက်နဲ့ ုရုပ်ရှင်မင်းသား Jakie Chan မြန်မာနိုင်ငံမှာ ရောက်နေတာဖြစ်ပါတယ်။ မနေ့ကတည်းက သီးသန့်လေယာဉ်နဲ့ မန္တလေးမြို့ဆီကို တန်းလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးတွေရဲ့ အခြေအနေကို ရောက်ရောက်ချင်းမှာပဲ UNICEF အဖွဲ့ တာဝန်ရှိသူတွေ ကို မေးခဲ့တယ်လို့ UNICEF ရဲ့ Twitter စာမျက်နှာမှာဖော်ပြထားပါတယ်။
Jakie Chan ဟာ ၂၀၀၄ ခုနှစ်ကတည်းက UNICEF ရဲ့ အကျိုးဆောင် သံအမတ်ကြီးအဖြစ်နဲ့ အခွင့် အရေးမဲ့ ကလေးတွေအရေးကို ဆောင်ရွက် နေတာဖြစ်ပါတယ်။ ကိုယ့်မိသားစုကို ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ပညာပေးမှုတွေရရှိရင် ရောင်းစား ခံရနိုင်တဲ့ အန္တရာယ် နည်းတာမို့ မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်မယ့်နည်းတွေကို Jakie Chan က မြန်မာ နိုင်ငံခရီးစဉ် အတွင်းမှာ သင်ကြားပြောပြမှာဖြစ်တယ်လို့ UNICEF က ပြောပါတယ်။ Jakie Chan ရဲ့ ၃ ရက် ခရီးစဉ်မဆုံး ခင် မနက်ဖြန်မှာတော့ ရန်ကုန်မြို့ကို သွားမှာဖြစ်ပြီး မြန်မာနိုင်ငံ ကနေမပြန်ခင် နေ့လည်ပိုင်းမှာ သူ့ရဲ့ ခရီးစဉ် အကြောင်း သတင်းစာရှင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ်ရှင်။