သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားဥပဒေအသစ် ပြဋ္ဌာန်းဖို့ မြန်မာအစိုးရကို INGO များ တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဋ္ဌာန်းဖို့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေက တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။ နိုင်ငံသား ဖြစ်မှုဆိုင်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ဟာ လူ့အခွင့် အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပြင် နိုင်ငံတကာ သဘောတူစာချုပ်တွေကိုလည်း ချိုးဖောက်ရာ ကျနေတယ်လို့ ထောက်ပြကြပြီး ဥပဒေအသစ်ပြဌာန်းဖို့ တောင်းဆိုကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၁၉၈၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်းနဲ့ လိုက်လျော ညီထွေ မဖြစ်သလို အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်တွေပါ ဥပဒေနဲ့အညီ မြန်မာနိုင်ငံကလိုက်နာရမယ့် တာဝန်တွေနဲ့လည်း မကိုက်ညီဘူးလို့ နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့က ထောက်ပြလိုက်ကြတာပါ။

၈၂ ခုနှစ်ဥပဒေဟာ နိုင်ငံတွင်း နေထိုင်သူတွေ နိုင်ငံသား ဖြစ်ခွင့်မရအောင် ကန့်သတ်ချက်တွေ အများအပြား ချထားတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က ပြောပါတယ်။

“အဲဒီဥပဒေဟာ နိုင်ငံတကာဥပဒေတွေနဲ့ လိုက်လျောညီထွေ မဖြစ်ပါဘူး။ မြန်မာနိုင်ငံဟာ ကလေး သူငယ်တွေ ရဲ့ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ထားပါတယ်။ ဒါကြောင့် အဲဒီဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိပါတယ်။ ဒါပေမဲ့ လည်း ၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဆိုင်ရာ ဥပဒေက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်နဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ သဘောတူစာချုပ် ကို ဖောက်ဖျက်နေပါတယ်။”

၈၂ ခုနှစ်ဥပဒေအရဆိုရင် မြန်မာနိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးဖြစ်ပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့်မရ တာ၊ နိုင်ငံသားမိဘနှစ်ဦး ကမွေးဖွားတာဖြစ်ပေမဲ့လည်း နိုင်ငံပြင်ပ၊ ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမား မိဘတွေရဲ့ ကလေးငယ်တွေ၊ ဒုက္ခသည် မိဘတွေရဲ့ ကလေးငယ်တွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေတယ် လို့ မစ္စတာဖားမနားတို့က ထောက်ပြကြတာပါ။

အဲဒီဥပဒေဟာ အဲဒီခေတ် အဲဒီအချိန်က လိုအပ်ချက်နဲ့အညီ ပြဋ္ဌာန်းခဲ့တာဖြစ်တဲ့အတွက် ဒီကနေ့ခေတ်နဲ့ လိုက်လျောညီထွေမဖြစ်တော့တဲ့ ပြဋ္ဌာန်းချက်တွေ ပါနေတယ်ဆိုတာကို လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက သဘောတူ ပါတယ်။

“နိုင်ငံသားအဖြစ်ကို လျှောက်ထားတဲ့ ကာလအတွင်းမှာ ကလေးတွေရဲ့ ခံစားခွင့်တွေ၊ ကလေးတွေ ရဲ့ ကျောင်းနေ ပိုင်ခွင့်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ အတိ အလင်း ပြဋ္ဌာန်းထားတာမရှိတာကို ကျနော် တို့ တွေ့ရပါတယ်။ နောက်ပြီးတော့တခါ အသက် ၁၈ နှစ် မပြည့်ခင် မိဘဖြစ်တဲ့သူ ကိုယ်တိုင်ကနေပြီးတော့ ကလေး ကို နိုင်ငံသားအဖြစ် လျှောက်လွှာတင်ပေးဖို့လိုတဲ့ အချက်အလက်တွေ ရှိတယ်။ ဒါတွေကို နဂို မိဘနှစ်ပါးက မေ့လျော့ခဲ့လို့ရှိရင် ဒီကလေးရဲ့ အခွင့်အရေးတွေက အလိုလို ဆုံးရှုံးနေတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒီဥစ္စာတွေကတော့ ခေတ်နောက်ကျတယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီလို ကိစ္စရပ်တွေကတော့ တချို့ ပြင်သင့်တယ်ဆိုတာလောက်တော့ မှန်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း နော်ဝေးနိုင်ငံမှာ ရောက်တဲ့အချိန်တုန်းက နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအရ ဘယ်သူဟာ နိုင်ငံသားဖြစ်သင့်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားမယ် ဆိုရင် ပြဿနာ ရှိမှာမဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အခုလိုအချိန်မှာမှ နိုင်ငံသားဖြစ်မှုဆိုင်ရာ လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ဥပဒေ အသစ်ပြဋ္ဌာန်းဖို့ တောင်းဆိုရတာကတော့ ရခိုင်ပြည်နယ် ဘက်မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ တောင်းဆိုကြတဲ့အဖွဲ့တွေကပြောပါတယ်။

လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လုပ်ဆောင်ဖို့စီစဉ်ထားတာတွေအတွက် နိုင်ငံတကာ ကျွမ်းကျင် သူတွေရဲ့ အကူအညီကိုရယူဖို့ မြန်မာအစိုးရဟာ ပိုပြီး ပွင့်လင်းလာတာကြောင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ အသစ်တရပ် ပြဌာန်းဖို့ လုပ်မယ်ဆိုရင်လည်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့လို ကုလသမဂ္ဂအဖွဲ့အစည်းတွေ ကလည်း အကူအညီပေးဖို့ စိတ်ဝင်စားကြမှာပါလို့ မစ္စတာ ဖားမနားက ပြောပါတယ်။ ဒါ့အပြင် အကူအညီပေး ချင်ကြ တဲ့ နိုင်ငံတကာက ရှေ့နေတွေလည်း ကမ္ဘာတဝန်းမှာရှိနေတယ်လို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်တခု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ပုံပေါ်ပါတယ်။ ဥပဒေအရ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပါတယ်၊ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတကာ က ထောက်ခံ ပံ့ပိုးမှု ရဖို့ လိုအပ်နေပါတယ်၊ အခုတောင်းဆိုချက်ကို သဘောတူလက်မှတ် ရေးထိုးထားကြတဲ့ အဖွဲ့ အစည်းတွေအားလုံးက ဒါကို ထောက်ခံပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားပါ။

နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ်ပြဋ္ဌာန်းဖို့ လက်မှတ်ရေးထိုးတောင်းဆိုကြတဲ့အဖွဲ့ ၃၁ ဖွဲ့ထဲမှာ Burma Campaign UK အဖွဲ့နဲ့အတူ ချင်း လူ့အခွင့် အရေးအဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ Open Society Foundations၊ US Campaign for Burma စတဲ့ ဒေသတွင်းနဲ့နိုင်ငံတကာက အဖွဲ့အစည်းတွေ ပါဝင်ပါတယ်ခင်ဗျား။

XS
SM
MD
LG