အီဂျစ်နိုင်ငံမှာ စစ်တပ်အကြီးအကဲတွေက အရင်လကဖျက်သိမ်းခဲ့တဲ့ အစလာမ်ဝါဒီတွေဦးဆောင်တဲ့ လွှတ်တော်ကို သမ္မတ မိုဟာမက် မော်စီက ပြန်ခေါ် ယူမယ့် ဆုံးဖြတ်ချက်ကို အီဂျစ်ရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက တားဆီးမိန့်ထုတ်လိုက်ပါတယ်။
နိုင်ငံရဲ့စစ်တပ်နဲ့ အထက်တရားရုံးရဲ့အမိန့်တွေကို အာခံတဲ့အနေနဲ့ အစ္စလာမ်ဝါဒီတွေ ဦးဆောင်တဲ့အောက် လွှတ်တော် အင်္ဂါနေ့မှာပြန်စတင်ပြီး နာရီပိုင်း အတွင်းမှာပဲ အခုလိုမျိုး တရားရုံးက အမိန့်ထုတ်ပြန်တာလို့ တရားရေးဌာနဘက်က သတင်းရရှိပါတယ်။ သမ္မတမော်စီက လူသစ်တွေ မရွေးချယ်ခင်အထိ အောက် လွှတ်တော်ကို ပြန်ပြီးတော့ အတည်ပြုကြောင်း တနင်္ဂနွေနေ့က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အမတ်တွေရွေးချယ်ထားတဲ့လုပ်ငန်းစဉ်မှာ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ တရားရုံးချုပ်က အပြစ်ရှာတွေ့ပြီးတဲ့နောက် အရင်လကပဲ အီဂျစ်ရဲ့စစ်ကောင်စီက လွှတ်တော်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ တနင်္လာနေ့ ထုတ်ပြန်တဲ့ အမိန့်က နောက်ဆုံး အပြီးသတ်အမိန့်ဖြစ်တယ်၊ မဖြစ်မနေ လိုက်နာရမယ်လို့ တရားရုံးချုပ်က ပြောပါတယ်။
အီဂျစ်နိုင်ငံမှာ အပြောင်းအလဲဖော်ဆောင်နေချိန် လမ်းလွဲမသွားဖို့အတွက် အီဂျစ်အရာရှိတွေအနေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်က တိုက်တွန်းသွားပါတယ်ရှင်။