သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကူညီဖို့ IMF ရုံးဖွင့်


အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ လုပ်ငန်းဆောင်ရွက်မှု နည်းစနစ် အထောက် အပံ့တွေ မြန်မာနိုင်ငံကို ပေးနိုင်ဖို့ ထိုင်းနိုင်ငံမှာ ရုံးဖွင့်မယ်လို့ IMF က ကြေညာပါတယ်။

IMF အဖွဲ့က စွမ်းရည်မြှင့်တင်ရေးနဲ့ လေ့ကျင့် သင်တန်းတွေပေးရေးဘက်ကိုလည်း အာရုံစိုက် လုပ်မှာ ဖြစ်တာနဲ့ အတူ မြန်မာနိုင်ငံနဲ့ Laos နိုင်ငံတွေအတွက် အထောက်အပံ့ပေးနိုင်ဖို့ ဘန်ကောက်မြို့မှာ ရုံးခန်းဖွင့်မယ်ဆိုတာကို IMF ဦးဆောင်ညွှန်ကြားရေးမှုး Christine Lagarde က ကြာသပတေးနေ့က အသိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက Bank of Thailand မူဝါဒရေးရာ ဆွေးနွေးပွဲမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ IMF အကြီးအကဲ က ပြောခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့ လာအိုနိုင်ငံဆိုင်ရာ IMF ရုံးကို ဘန်ကောက်မြို့မှာရှိတဲ့ Bank of Thailand ရုံးမှာ အခြေစိုက်မှာဖြစ်ပါတယ်။ ရုံးခန်း ဘယ်တော့ စတင်ဖွင့်မလဲ ဆိုတာကိုတော့ မပြောခဲ့ပေမဲ့ အာရှ နှစ်နိုင်ငံအပေါ် ပေးနေတဲ့ အထောက်အပံ့တွေကို ပိုပြီးခိုင်ခိုင်မာမာ ပေးချင်တယ်လို့ IMF က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရ တက်လာခဲ့ပြီးနောက်မှာ နိုင်ငံခြားငွေလဲနှုန်းကို တပြေးညီ သတ်မှတ်နိုင်ရေးမှာ အကူအညီပေးဖို့ မြန်မာ အစိုးရက IMF ကို အကူအညီတောင်းခံခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် October လကစလို့ IMF က မြန်မာနိုင်ငံကို သွားရောက် လေ့လာပြီး လိုအပ်တဲ့ အကြံပြုမှုတွေကို ပေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ IMF အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံက အကြွေးပြန်ပေးဖို့ ပျက်ကွက်တဲ့အတွက် ၁၉၈၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေကတည်းက IMF က မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီမှုတွေကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG